Friday 26 September 2014

အင်းစိန်ထောင်သို့ မျက်စိလည် လမ်းမှားရောက်လာကြသော တပ်မတော် အရာရှိကြီးများ






  မြန်မာ့လွတ်လပ်ရေးကို အရယူပေးဖို့ ဗိုလ်ချုပ်အောင်ဆန်း ထူထောင်ခဲ့တဲ့
တပ်မတော်ဟာ ပြည်သူလူထုတွေရဲ့ ကြည်ညိုလေးစားမှုကတစ်ဆင့် တိုင်းပြည်
မှာ နိုင်ငံသားတွေထက် ပိုပြီး အခွင့်အရေးရတဲ့ လူတန်းစားတစ်ရပ်အသွင် ရောက်ရှိ
လာပါတယ်။ တစ်ချိန်က ပြည်သူပိုင် ရုပ်ရှင်ရုံတွေထဲမှာ တပ်မတော်မှ သင့်ကို အလို
ရှိသည်ဆိုတဲ့ ကြော်ငြာလေးနဲ့တင် တပ်မတော်ကို လူငယ်လူရွယ် မြောက်မြားစွာ
ဝင်ရောက်ခဲ့ပါတယ်။
ဒီဘက်ခေတ်မှာတော့ အဲဒီ့ ကြော်ငြာကို မတွေ့ရတော့ဘဲ လူငယ်တွေ အနေနဲ့ စစ်တပ်
ထဲဝင်ဖို့ စိတ်မ၀င်စားတော့ပါဘူး။ မြန်မာ့ သမိုင်းရဲ့ အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ကပြ
ခဲ့တဲ့ တပ်မတော်ရဲ့ ခေါင်းဆောင်တွေဟာ များသောအားဖြင့် တိုင်းပြည်ရဲ့ ခေါင်းဆောင်
တွေ ဖြစ်လာသလို သူတို့ ဘယ်လိုမှ မျှော်လင့်မထားတဲ့ အချုပ်၊ တရားရုံး၊ ထောင်
ဆိုတာ =တွေကိုလည်း ကြုံတွေ့ခဲ့ရသူတွေ အများအပြား ရှိခဲ့တယ်။
မြန်မာနိုင်ငံရဲ့ အကြီးဆုံး ထောင်ဖြစ်တဲ့ ဗဟိုစံပြ အင်းစိန် အကျဉ်းထောင်မှာ အကျဉ်း
ကျခဲ့တဲ့ တပ်မတော် အရာရှိကြီးတွေ၊ ဗိုလ်ချုပ်၊ ဗိုလ်မှူးကြီးတွေ အများအပြားပဲ ရှိခဲ့
ပါတယ်။ အဲဒီထဲက ထင်ရှားတဲ့သူတွေကို ထုတ်နုတ် ဖော်ပြရမယ်ဆိုရင် တပ်မတော်
ကို ထူထောင်ခဲ့တဲ့ ရဲဘော်သုံးကျိပ် ၀င်တွေထဲက ဗိုလ်လက်ျာ၊ ဗိုလ်ရန်နိုင်နဲ့ ဗိုလ်ရန်အောင်တို့ဟာ ထောင်ထဲကို အစောဆုံး ရောက်ရှိခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
အဲဒီ နောက်မှာတော့ မဆလခေတ် ဒုတိယ ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်မှူးချုပ်
အောင်ကြီး၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး တင်ဦး(NLD)၊
ဗိုလ်မှူးကြီး ကြည်မောင်(NLD)၊ ဗိုလ်မှူးကြီးတင်အေး(NLD)၊ ဗိုလ်မှူးကြီးစံသာ၊
ထောက်လှမ်းရေးမှူးချုပ်ဗိုလ်ချုပ် တင်ဦး (မျက်မှန်ကြီး)၊ဗိုလ်မှူးကြီးစိန်မြ (ပြည်ထဲ
ရေး)၊ဗိုလ်မှူးကြီးမောင်ရွှေ (ပြည်ထဲရေး)၊ ဗိုလ်မှူးကြီး စောမြင့် (စောသမိန်)၊ ဗိုလ်မှူး
ကြီး ချစ်မြိုင်၊ ဗိုလ်မှူးကြီး ခင်ညို (UNDP)၊ ဗိုလ်မှူးကြီး ထွန်းလင်း (မဆလ)၊
ဗိုလ်မှူးကြီး သန်းစိန် (ရခိုင်သန်းစိန်)၊ ဗိုလ်မှူးကြီး တင်အေးကျော်(မဆလ)၊ ဗိုလ်မှူးကြီး ကျော်ဇော(မဆလ)၊ ဗိုလ်မှူးကြီးဘိုနီ(ပြည်ထဲရေး)၊ ဗိုလ်မှူးကြီး
ကြည်ဆွေ၊ ဗိုလ်ချုပ်ကြီး ခင်ညွန့် (န၀တ-အတွင်းရေးမှူး-၁)၊ ဗိုလ်မှူး ၀င်းအောင်
(နအဖ-နိုင်ငံခြားရေး ၀န်ကြီး)၊ ဗိုလ်မှူးချုပ် မြင့်ဇော် (နစက)၊ ဗိုလ်မှူးချုပ် အောင်ငွေ
(နစက)၊ ဗိုလ်မှူးကြီး ခင်မောင်လင်း (အကောက်ခွန် ညွှန်ချုပ်)၊ ဗိုလ်မှူးကြီးတင်လှ
(တန်ပြန် ထောက်လှမ်းရေး)၊ ဗိုလ်မှူးကြီး ၀င်းမြင့် (ထောက်လှမ်းရေးအကူ(၁)
တပ်မှူး)၊ ဗိုလ်မှူးချုပ်သိန်းဆွေ (ထောက်လှမ်းရေး)၊ ဗိုလ်မှူးချုပ်ခင်အောင်
(ထောက်လှမ်းရေး)၊ ဗိုလ်မှူးချုပ် သန်းထွန်း (ထောက်လှမ်းရေး)၊ ဗိုလ်မှူးချုပ် လှမြင့်(သစ်တောဒုဝန်ကြီး)၊ ဗိုလ်မှူးကြီးကျော်ရွှေ (ကုန်သွယ်ရေး ဒုဝန်ကြီး)၊ ဒုဗိုလ်မှူးကြီးကိုကိုလှိုင် (ယခု နိုင်ငံတော် သမ္မတ အကြံပေးအဖွဲ့)၊ ဒုဗိုလ်မှူးကြီး တင့်ဆွေသန်း (ဦးနေ၀င်း၏ အိမ်တော်လုံခြုံရေး တပ်မှူး)တို့ ဖြစ်ပါတယ်။ စစ်ဆင်ရေး မအောင်မြင်လို့ စခန်းတွေ စွန့်လွှတ်ရလို့ ထောင်ကျခဲ့တဲ့ ဗိုလ်မှူးကြီးတွေကတော့
အမြောက်အမြားပါပဲ။
ဒီလူတွေထဲက လူအများ စိတ်ဝင်စားနိုင်မယ့် ဗိုလ်မှူးချုပ် အောင်ကြီးဟာ အင်းစိန်
ထောင်ကို လေးကြိမ်ရောက်ရှိခဲ့သူ ဖြစ်ပြီး တပ်မတော်အရာရှိတွေထဲမှာ အင်းစိန်
ထောင်ကို အကြိမ်ရေ အများဆုံး ရောက်ရှိခဲ့သူအဖြစ် မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
ဗိုလ်မှူးချုပ် အောင်ကြီးဟာ ပေါင်းတည်ဇာတိဖြစ်ပြီး ၁၉၃၈ခုနှစ် တို့ဗမာ အစည်း
အရုံးမှာ သခင်အောင်ကြီး အမည်နဲ့ လွတ်လပ်ရေး ကြိုးပမ်းသူတွေထဲ ပါဝင်ခဲ့
ပါတယ်။ ၁၉၄၂ခုနှစ်မှာ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေ၀င်းနဲ့အတူ တိုက်ပွဲဝင်ရင်း
BIA,BDA တပ်များ ထူထောင် ကတည်းက ဧရာဝတီတိုင်း တိုင်းမှူးအဖြစ် မြစ်ဝ
ကျွန်းပေါ် ဒေသမှာ ဖက်ဆစ် တော်လှန်ရေး တိုက်ပွဲဝင်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း
တို့ ကျဆုံးအပြီး တပ်မတော်ထဲမှာ ထင်ရှားလာသူဖြစ်ကာ ၁၉၅၀မှာ လက်ထောက် စစ်ထောက်ချုပ် ဖြစ်ခဲ့ပါတယ်။ ၁၉၅၆မှာ ဗိုလ်မှူးကြီး ရာထူးအဆင့် တိုးမြှင့်ခံရပြီး တရုတ်ဖြူတပ်များ တွန်းလှန်ရာမှာ ပါဝင်ခဲ့ပါတယ်။ ၁၉၅၉မှာ ဗိုလ်မှူးချုပ်ရာထူး တိုးမြှင့်ခံရပြီး ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်လည်း ဖြစ်လာခဲ့ပါတယ်။
၁၉၆၂ဗိုလ်ချုပ်ကြီး နေ၀င်း ဦးဆောင်တဲ့ တော်လှန်ရေး ကောင်စီက အာဏာသိမ်း
ယူမှုမှာ ဒုတိယ ခေါင်းဆောင်အဖြစ် ပါဝင်ခဲ့ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ကျောင်းသားသမဂ္ဂ ဖြိုခွဲတဲ့ကိစ္စ ပြည်သူပိုင် သိမ်းသည့် ကိစ္စ
များနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီး နေ၀င်းနှင့် သဘောထားကွဲပြီး ၁၉၆၃ ခုနှစ်မှာ
နုတ်ထွက်ခဲ့ပါတယ်။ ၁၉၆၅မှာတော့ ပထမဦးဆုံး ဖမ်းဆီး ထိန်းသိမ်းခံရပြီး အင်းစိန်
မှာ ငါးနှစ်နီးပါး နေခဲ့ရပါတယ်။ ၁၉၇၂ ခုနှစ်မှာ ဗိုလ်ချုပ်ကြီးနေ၀င်းထံကို တိုင်းပြည်
အရေး ကိစ္စနှင့် ပတ်သက်ပြီး ဝေဖန်သည့် စာများ ပေးပို့သည့် အတွက် ဒုတိယ
အကြိမ် ဖမ်းဆီးခံခဲ့ရပါတယ်။ ဒုတိယအကြိမ် အင်းစိန်ထောင်ထဲမှာ တစ်နှစ်ခွဲခန့်
နေပြီးမှ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။ ကျောင်းသားသမဂ္ဂ ဖြိုခွင်းခံရတာနဲ့
ပတ်သက်ပြီး ဗိုလ်ချုပ်ကြီး နေ၀င်းဟာ သမိုင်း တရားခံဖြစ်မှာစိုးသည့် အတွက်
၁၉၇၂ခုနှစ် မဆလပါတီက ၀ါဒ ဖြန့်ချိရေး တစ်ခု ပြုလုပ်ခဲ့ပြီး ကျောင်းသားသမဂ္ဂ ဖြိုခွဲခံရခြင်းဟာ ဗိုလ်အောင်ကြီး၌သာ တာဝန် ရှိတယ်လို့ အပြစ်ပုံခဲ့ပါတယ်။
ထောင်ကလွတ်ပြီးတဲ့နောက် မေမြို့ကနေ ရန်ကုန်ကို ပြောင်းရွှေ့လာပြီး စမ်းချောင်း
မြို့နယ်မှာ ရွှေလမင်း ကဖီး လက်ဖက်ရည်ဆိုင်ကို ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုင်ကို
ပြည်သူတွေက အားပေးကြတဲ့ အတွက် အောင်မြင်ခဲ့ပြီး အောင်ကြီး ကိတ်မုန့်
လုပ်ငန်းပါ တိုးချဲ့နိုင်ခဲ့ပါတယ်။ ၁၉၈၈ခုနှစ် ငွေစက္ကူ အရေးအခင်း ပြီးကာစ
မှာတော့ ပါတီဥက္ကဋ္ဌကြီး ဦးနေ၀င်းထံ ၄၁မျက်နှာ အကြံပြုစာတမ်းကို ပေးပို့ရာ
မှ တစ်ဆင့် ပြည်သူကြားမှာ ပျံ့နှံ့သွားခဲ့ပါတယ်။
အဲဒီနောက် ဒီမိုကရေစီ တောင်းဆိုတိုက်ပွဲဝင်ရာမှာ ခေါင်းဆောင်တစ်ဦး ဖြစ်လာ
ခဲ့ပြီး သမ္မတ ဦးစိန်လွင် လက်ထက်မှာတော့ တတိယအကြိမ် ဖမ်းဆီးခံရပြီး
အင်းစိန်ထောင်ကို ရောက်ခဲ့ ပြန်ပါတယ်။ ထောင်ထဲမှာ တစ်လနီးပါးခန့် နေထိုင်
ခဲ့ရာကတစ်ဆင့် ပြန်လည် လွတ်မြောက်လာပြီး စမ်းချောင်း ပဒုမ္မာကွင်း လူထု
ဟောပြောပွဲမှာ “တပ်မတော်ကို စိတ်နဲ့တောင် မပြစ်မှားနဲ့”လို့ ပြောဆိုမှုနဲ့ ပတ်သက်
ပြီး ပြည်သူတွေနဲ့ အယူအဆ ကွဲပြားလာခဲ့ပါတယ်။
အထူးသဖြင့် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ပြီး ဥက္ကဋ္ဌ ဖြစ်ခဲ့သော်လည်း ပါတီ
ထဲမှာ ကွန်မြူနစ်များ စိမ့်ဝင်နေ သည်ဟုဆိုကာ နုတ်ထွက်ပြီး ပြည်ထောင်စု
အမျိုးသားများ ဒီမိုကရေစီပါတီ (UNDP)ကို ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၉၀
ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ထောက်ခံမှု မရဘဲ ရှမ်းပြည်နယ်၊ ရွာငံမြို့မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးသာ အရွေးခံခဲ့ရပါတယ်။ ၁၉၉၂ခုနှစ်မှာ ထောင်
သက် မကုန်သေးဘဲ ပုဂ္ဂိုလ်ရေး ကိစ္စတစ်ခုနှင့် အင်းစိန်ထောင်ထဲသို့ စတုတ္ထအကြိမ်
မြောက် ရောက်ရှိခဲ့ပြန်ပါတယ်။
ထောင်ထဲမှာ ၆လခန့် နေထိုင်ခဲ့ရပြီး ပြန်လွတ်လာတဲ့ အချိန်မှာတော့ နိုင်ငံရေး
လောကကနေ လုံးဝ အနားယူကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီနောက် သမိုင်း
ဆိုင်ရာ အဖြစ်အပျက်များကို သခင် အောင်ကြီး (ပေါင်းတည်) အမည်ဖြင့် ရေးသား
နေပြီး ၂၀၁၂ခုနှစ် အောက်တိုဘာလ ၂၅ရက်နေ့မှာတော့ ၀ိတိုရိယ ဆေးရုံမှာ
နှလုံးရောဂါနဲ့ ကွယ်လွန်အနိစ္စ ရောက်သွားပါတယ်။
အသက် ၉၃နှစ်အထိ လူ့လောကမှာ နေထိုင်သွားခဲ့တဲ့အတွက် မြန်မာ့ တပ်မတော် အရာရှိတွေထဲမှာ အသက်အရှည်ဆုံး ဗိုလ်မှူးချုပ် တစ်ယောက် ဖြစ်ခဲ့တယ်လို့
လည်း မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။
  ဇော်သက်ထွေး
( Tomorrow သတင်းဂျာနယ်အမှတ်(၃၀)ပါ ဆောင်းပါး )

No comments:

Post a Comment

Note: only a member of this blog may post a comment.