Monday 22 September 2014

ကိုယ်ဝန်ဆောင်မိခင်များသိကောင်းစရာ


ကိုယ်ဝန်ဆောင်မိခင်များအတွက် လိုအပ်တဲ့ ဗဟုသုတများကို ဖတ်ရတာလွယ်ကူစေရန်အတွက် တစ်စုတစ်စည်းထဲပြန်လည်ဖော်ပြလိုက်ပါတယ်။
( ၁ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုပုံစံ အိပ်ရမှာလည်း?
( ၂ ) ကိုယ်ဝန်ဆောင်မိခင်များ သိထားသင့်သော အခြေခံ ဆောင်ရန် ရှောင်ရန် အချက်အလက်များ.....
( ၃ ) လုပ်သင့်သလား၊ မလုပ်သင့်ဘူလား? ကိုယ်ကိုယ်တိုင်ပဲဆုံးဖြတ်ပါ ။
( ၄ ) ကြောင်များမှအဓိကဖြစ်ပွားသောToxoplasmosis ရောဂါအကြောင်း သိကောင်းစရာ။
( ၅ ) ကိုယ်ဝန်ဆောင်ချိန် ကာလအပိုင်းအခြားအလိုက် စားသုံးသင့်သည့် အကောင်းဆုံးအစားအစာများ
( ၆ ) ကိုယ်ဝန်ဆောင်မိခင်များ ညအချိန်တွင်ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် နည်းလမ်းကောင်းများ
( ၇ ) ကလေးမီးဖွားဖို့ ဆေးရုံကိုဘာတွေယူဆောင်သွားဖို့လိုအပ်သလဲ။
( ၈ ) ကိုယ်ချစ်တဲ့သူကိုယ်ဝန်ဆောင်ရင် ကိုယ်ဘာလုပ်ပေးရမှာလဲ။
( ၉ ) ကိုယ်ဝန်ရစေဖို့ အကူအညီဖြစ်စေမည့်နည်းလမ်းကောင်းများ။
( ၁၀ )မိခင်ကောကလေးပါကျန်းမာဖို့ မိခင်နို့တစ်မျိုးတည်းသာတိုက်ကြစို့ ။
( ၁၁ ) ကိုယ်ဝန်ဆောင်များကျန်းမာစေရေးနည်းလမ်းကောင်းများ ။

( ၁ ) ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လိုပုံစံ အိပ်ရမှာလည်း?
ကိုယ်ဝန်ဆောင်ချိန်မှာဘေးတစောင်းအိပ်ခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ အထူးသဖြင့် ဘယ်ဖက်ကိုစောင်းအိပ်ခြင်းသည် ကလေးထံသို့ သွေးလည်ပတ်မှူ ပိုမိုကောင်းမွန်စေပါသည်။ ထို့ အတူ မိခင်၏အချင်းမှတဆင့် ကလေးထံသို့ အဟာရ ဓါတ်များ ပိုမိုရောက်ရှိစေပါသည်။
ဘယ်ဖက်သို့ တစောင်းအိပ်ခြင်းဖြင့် ကျောက်ကပ်အတွင်းမှ အညစ်အကြေးများ... နှင့် အရေများကို ပိုမိုထိရောက်စွာ ဖယ်ရှားပေးခြင်းအားဖြင့် ခြေလက် အဆစ်အမြစ်များရောင်ရမ်းခြင်းကို လျှော့ချပေးပါတယ်။
ကိုယ်ဝန်ရှိစအချိန်မှစတင်ကာ တတ်နိုင်သမျှ ဘယ်ဘက်သို့ စောင်းအိပ်တဲ့ အလေ့အကျင့် ကို လေ့ကျင်းထားသင့်ပါတယ်။ တစ်ညလုံး ပုံစံတစ်မျိုးထဲ အိပ်ရမှာကတော့ဘယ်လိုမှ သက်တောင့်သက်သာ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဘယ်ညာ တလှည့်စီ စောင်းအိပ်လည်းရတာပါပဲ။ အကောင်းဆုံးကတော့ဘယ်ဖက်ကိုစောင်း အိပ်ခြင်းပဲပေါ့။
ကိုယ်ဝန်ဆောင်နေတဲ့ တလျှောက်လုံးမှာတော့ ပက်လက်လှန် အိပ်ခြင်းကို လုံးဝ ရှောင်ကြင် သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ရင့်လာသည်နှင့် အမျှ ပိုမိုဂရုစိုက်သင့်ပါတယ်။
ဘာကြောင့်လည်းဆိုတော့ ပက်လက်လှန် အိပ်တဲ့ အခါ သားအိမ်၏ အလေးချိန်ဟာ ကျောရိုး၊ အနောက်ဖက်ကြွက်သား၊ အူများ နှင့် ပင်မသွေးကြောများပေါ်တွင် ကြရောက်သွားပါတယ်။ ထို့ကြောင့်မိခင်လောင်းတွေအနေနဲ့ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ သွေးလိပ်ခေါင်းရောဂါ၊ သွေးလည်ပတ်မှု ချို့ ယွင်းခြင်းတွေဖြစ်စေသည့်အပြင် ကလေးထံသို့လည်း သွေးလည်ပတ်မှုလျော့ကျစေပါသည်။
ပက်လက်လှန်အိပ်ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ သွေးပေါင်ကျစေသလို တစ်ချို့ သောကိုယ်ဝန်ဆောင်မိခင်များ အတွက် သွေးပေါင်တက် ကာ မှူးဝေခြင်းကိုဖြစ်စေတတ်ပါတယ်။ နောက်ဆုံး အချက်အနေနဲ့ ကတော့ ပက်လက်လှန်အိပ်ခြင်းကြောင့် ဟောက်ခြင်း၊ ကိုယ် ခန္ဓာ အလေးချိန်တက်ခြင်း များဖြစ်ပေါလာပြီး အိပ်နေရင်းအသက်ရှူ ရပ်တတ်သော Sleep Apnea ကဲ့သို့သောရောဂါများ ဖြစ်ပေါစေပါသည်။
-------------------
( ၂ ) ကိုယ်ဝန်ဆောင်မိခင်များ သိထားသင့်သော အခြေခံ ဆောင်ရန် ရှောင်ရန် အချက်အလက်များ..
အောက်ဖော်ပြပါအချက်အလက်များအား ကိုယ်ဝန်ဆောင်မိခင်လောင်းတိုင်း သိရှိထားပြီးပြီ ဟုယူဆပါတယ်။ ဒါပေမယ့် သတိလက်လွတ် မဖြစ်စေရန် ထပ်လောင်းသတိပေးလိုက်ပါတယ်။
- Caffeine ဓာတ်အများအပြားပါဝင်သော အစားအစာများဖြစ်သည့် ကော်ဖီ၊ ချောကလက်၊ လဖ္ဘက်ရည်၊ ကိုလာ၊ အားဖြည့်အချိုရည် ကဲ့သို့သော အရာများကိုေ...ရှာင်းရှားသင့်ပါသည်။ စားသောက်ပါကလည်း တနေ့ Caffeine ဓာတ် ၂၀၀ မီလီဂရမ်ထက်ပိုပြီး မသောက်သုံးသင့်ပါဘူး။
-Alcohol ပါဝင်သော မည်သည့် အရာမဆို ရှောင်ရှားနိုင်ပါက အကောင်းဆုံးဖြစ်ပါတယ်။
-ပင်လယ် အစားအစာများကိုလည်း မစားသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ယ္ခုအချိန်မှာ ပင်လယ်အတွင်း Mercury ( ပြဒါး ) ဓာတ်မြင့်မားလာနေခြင်းကြောင့် ပင်လယ်အစားအစာများ စားသုံးခြင့်ဖြင့် ပြဒါးဓာတ် ( အဆိပ် ) ဟာ ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်မှတဆင့် ကလေးငယ်၏ အမြင်အာရုံ၊ အကြားအာရုံ၊ ဦးနှောက်အာရုံကြော ဖွံ့ ဖြိုးမှုကိုထိခိုက်စေနိုင်သောကြောင့် ဖြစ်ပါသည်။ဒါပေမယ့် Omega - 3 ဓာတ်ကြွယ်ဝသော ဆော်လမွန်ငါးကဲ့သို့သော Mercury ( ပြဒါး ) ဓာတ် ပါဝင်မှုနှန်း နည်းပါသော ငါးများကိုတော့ လေ့လားပြီး စားသောက်နို်င်ပါတယ်။ကိုယ်ဝန်ဆောင်မိခင်တွေအနေနှင့် တပါတ်မှာ တူနာငါး ၆ အောင်စ ထက်ပိုမို မစားသုံးသင့် ပါဘူး။
-အသားစိမ်း၊ ငါးစိမ်း၊ ဥအစိမ်း ( ကျက်အောင်မပြုလုပ်ထားသော ဥပြုပ်၊ ဥကြော်များ )၊ မကျိုချက်ရသေးသော နို့ များတွင် ဘက်တီးရီးယားများစွာ ပါဝင်သောကြောင့် ကိုယ်ဝန်ဆောင်မိခင်များအနေနှင့် ကလေးပျက်ကျနို်င်ခြေ မြင့်မားသောကြောင့် ရှောင်ရှားသင့်ပါတယ်။ ယမ်းစိမ်းများပါဝင်သော အသားကင်အမျိုးမျိုးကိုလည်း မစားသင့်ပါဘူး။
-အသည်း၊ ကလီဇာ များဟာလည်း ရှောင်ရှားသင့်တဲ့အစားအစာတွေ ထဲမှာတစ်ခုအပါအ၀င်ဖြစ်ပါတယ်။ အသည်း၊ ကလီဇာ များတွင် ဗီတာမင် အေ များစွာပါဝင်သောကြောင့် ထိုအစားအစာများကို လွန်ကဲစွာ စားသောက်ပါက ကလေးငယ်များတွင် မွေးရာပါ ချွတ်ယွင်းချက်များဖြစ်နိုင်သလို အသည်းကိုလည်းထိခိုက်စေနိုင်ပါသည်။
-ကြက်ဟင်းခါးသီး၊ မှို ၊ ဒညင်းသီး ကဲ့သို့သောအစားအစာများကိုလည်း ရှောင်ရှားရပါမယ်။ အထူးသဖြင့် ကြက်ဟင်းခါးသီးဟာ ကိုယ်ဝန်နုနယ်စဉ် ကိုယ်ဝန်ပျက်ကျနိုင်ချေ မြင့်မားသောကြောင့် လုံးဝ မစားသုံးသင့်သော အသီးဖြစ်ပါသည်။
-Folic Acid ပါဝင်သောအသီးအနှံများကို ပိုမို စားသုံးသင့်ပါသည်။ Folic Acid ပါဝင်သောအသီးအနှံများကို လုံလောက်စွာ စားသုံးပေးခြင်းဖြင့် ကလေးငယ်များ၏ ဦးနှောက်နှင့် ပင်မအာရုံကြောစနစ် ချွတ်ယွင်းခြင်းကို ကာကွယ်ပေးပါသည်။ Folic Acid ကို ကိုယ်ဝန်ဆောင်တွေအတွက် Superhero ဟုပင်တင်စားကြပါသည်။
-အုန်းစိမ်းရည်ဟာလည်းမိခင်လောင်းများသောက်သုံးသင့်သောအရည်တစ်မျိုးဖြစ်ပါသည်။ အုန်းရည်တွင် နို့ ထက် အဟာရဓာတ် ပိုမိုများပြားစွာ ပါဝင်ပြီး သကြားဓာတ်၊ ဆားဓာတ်၊ ဗီတာမင် ဓာတ်များလည်း ပါဝင်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုကိုပျောက်ကင်းစေပါသည်။ အုန်းရည်တွင် ပိုတက်စီယမ်ဓာတ် လည်းများစွာကြွယ်ဝပါသည်။ အုန်းရည်သည် ၀မ်းပျက် ၀မ်းလျှောရပ်အောင်လည်းကူညီပေးပါသည်။ အုန်းရည်တွင် ဓာတ်စားနှင့် မရှိမဖြစ် အဟာရဓာတ်များစွာ ပါဝင်သောကြောင့် ၀မ်းပျက် ၀မ်းလျှောနေချိန်တွင် သောက်သုံးနိုင်သလို အစာကြေညက်စေခြင်း၊ ကိုယ်ခံစွမ်းအားစနစ်ကိုကောင်းမွန်စေခြင်း၊ ၀မ်းချုပ်ခြင်းကို သက်သာစေခြင်း စသည့်အကျိုးကျေးဇူးများရရှိစေပါသည်။
-ပရိုတိန်း ကြွယ်ဝသောအစားအစာများကို ပိုမိုစားသောက်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် အမျိုးသမီးများဟာ သာမာန်အမျိုးသမီးများထက် ပရိုတိန်းဓာတ် အနည်းဆုံး တနေ့ ၁၀ ဂရမ် ပိုမို စားသောက်ရပါမယ်။ ပုံမှန်အမျိုးသ မီးများဟာ တနေ့လျှင် ၄၅ ဂရမ် လောက်သာလိုအပ်ပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးများကတော့ တနေ့အနည်းဆုံး ၆၀ ဂရမ် လောက်လိုအပ်ပါသည်။
-Omega - 3 ဟာလည်း ကိုယ်ဝန်သည်များအတွက် အဓိက လိုအပ်သော ဓာတ်တစ်မျိုးဖြစ်ပါသည်။ Omega - 3 တွင် EPA နှင့် DHA တို့ ပါဝင်ပါသည်။ EPA သည်ကလေး၏ နှလုံး၊ ခုခံအားစနစ်ကို ပိုမို အားကောင်းစေပါသည်။ DHA ကတော့ ကလေးငယ်၏ ဦးနှောက်၊ မျက်လုံး၊ အာရုံကြော ဖွံ့ ဖြိုးမှုကို ပိုမိုအားကောင်းစေပါသည်။Omega - 3 ဆိုတိုင်းလည်း ကိုယ်ဝန်ဆောင်မိခင်များ သောက်သုံးရန်မသင့်တော်ပါ။ Cod Liver Oilကဲ့သို့သော ငါးကြီးဆီများတွင် ဗီတာမင်အေ များစွာပါဝင်နေသောကြောင့် ကိုယ်ဝန်ဆောင်မိခင်များမသောက်သုံးသင့်ပါ။ Omega - 3 ပါဝင်သောဆေးဝါးများကို နေ့စဉ်သောက်သုံးပါကလည်း ဆရာဝန်ညွှန်ကြားသော သင့်တော်သည့်ဆေးဝါးများကိုသာ ရွေးချယ် သောက်သုံးသင့်ပါသည်။
---------------------
( ၃ ) လုပ်သင့်သလား၊ မလုပ်သင့်ဘူလား? ကိုယ်ကိုယ်တိုင်ပဲဆုံးဖြတ်ပါ ။
အိမ်ထောင်သည်အမျိုးသမီးအများစုသည် ကိုယ်ဝန်စတင်ရရှိချိန်မှစတင်ကာ အိမ်အတွင်း အခွင့်ထူးခံ အမျိုးသမီးများ အဖြစ် ပြောင်းလဲသွားကြပါသည်။ဂရုစိုက်မှုတွေများလွန်းတဲ့အခါ အများစုမှာ လုပ်စရာမရှိ ပဲ အိပ်ယာထဲတွင်သာ အချိန်ကုန်နေကြရသည်။ ဟိုမလုပ်ရဒီမ မလုပ်ရ စကားသံတွေကြားထဲမှာ မိမိ ကျန်းမာရေးအတွက်အကောင်းဆုံးလေးကျင့်ခန်းအဖြစ် လုပ်နိုင်သမျှ အိမ်မှုကိစ္စတွေကိုဆောင်ရွက်နိုင်လျှင်တော့ အကောင်းဆုံးဖြစ်ပေမည်။
-ဒါပေမဲ့အိမ်မှုကိစ္စဆောင်ရွက်ရာတွင် ခါးကုန်းခြင်း ခါးဆန့်ခြင်း အလေးအပင်မခြင်းတို့ကိုတော့ အထူးသတိပြုရမည်။ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ဆောင်များ အလေးအပင်မ မသင့်ပါဘူး။အထူးသဖြင့် ခါးကုန်းပြီးအလေးပစ္စည်းများမခြင်းကို မပြုလုပ်သင့်ပါဘူး။ မဖြစ်မနေ မရမည်ဆိုလည်း ခါး၏အားကိုအသုံးမပြုပဲ ဒူးကွေးပြီး လက်တစ်ဖက်မှတစ်ခုခုကိုဆွဲကိုင်ထားကာ ခြေထောက်၏တွန်းကန်အားဖြင့်သာ ထိုင်ထပြုလုပ်ပြီးကောက်ယူသင့်ပါသည်။
-ကိုယ်ဝန်ဆောင်ချိန်တွင် လိုသည်ထက်ပိုပြီးမတ်တပ်ရပ်ခြင်းကို ရှောင်ကြဉ်ပါ။ မတ်တပ်ကြာကြာရပ်ခြင်းဖြင့် သွေးကျပြီး ခြေထောက်များယောင်ရမ်းကာ သွေးလည်ပါတ်မှု ကို အဟန့်အတားဖြစ်စေတတ်ပါသည်။၁၅-၂၀ မိနစ်လောက်မတ်တပ်ရပ်ပြီးပါက ပြန်လည် အနားယူသင့်သည်။
-ကိုယ်ဝန်ဆောင်ချိန်တွင် အိမ်ရှင်မများအနေနှင့် တံမြက်စည်းလှည်း၊ ကြမ်းတိုက်ခြင်းများ ပြုလုပ်သည့်အခါ ခါးကုန်းပြီး လုပ်ဆောင်ခြင်းမျိုးများကိုရှောင်ကြဉ်ရမည်။ ကိုယ်ဝန်ဆောင်ချိန်တွင် တွင် ခါးရိုးဆစ် နှင့် အရွတ်များဟာ ပုံမှန်ချိန်ထက်ပျော့ပြောင်းသွားကြသောကြောင့်အလွယ်တကူ ထိခိုက်နာကျင်စေနိုင်သောကြောင့်ဖြစ်ပါသည်။
-အ၀တ်လှန်းသည့်အခါတွင်လည်း ခါးဆန့်ပြီး အ၀တ်လှန်းခြင်း၊ အမြင့်မှပစ္စည်းများ လှမ်းယူခြင်း ကဲ့သို့ သော ကိစ္စများကိုလည်းမပြုလုပ်သင့်ပါ။ ခါးဆန့်ခြင်းဟာ ၀မ်းဗိုက်ကိုဆွဲဆန့်ခြင်းဖြစ်ပြီး ကလေးငယ်ကို ထိခိုက်စေနိုင်ပါသည်။
-ရေအေးကို ကြာကြာကိုင်ခြင်းမျိုးလည်းမပြုလုပ်သင့်ပါ။ အထူးသဖြင့် ပန်းကန်ဆေး အ၀တ်လျှော်ခြင်းများ ပြုလုပ်သည့်အခါ ရေအေးဖြင့် ဆေးကြောခြင်းမျိုးရှောင်ရှားသင့်ပါသည်။ ထို့ အတူ အားပြင်းပြီး ဓာတုဆေးများစွာပါဝင်သောဆပ်ပြာမှုန့်များလည်း တတ်နိုင်သမျှ ကိုင်တွယ်ခြင်းမပြုလုပ်သင့်ပါ။
-ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်လောင်းများအနေဖြင့် တစ်နေ့ ၈ နာရီ ၉နာရီ အနည်းဆုံးအိပ်စက်ရမည်။အချိန်ရလျှင် နေ့ခင်းနေ့လည်များတွင်လည်း ခေတ္တခဏ အနားယူအိပ်စက်သင့်ပါသည်။
အိပ်စက်ရာတွင်လည်း ဘေးတစောင်းအိပ်ခြင်းကို လေ့ကျင့်ယူရမည်ဖြစ်ပြီး ပက်လက်လှန်အိပ်စက်ခြင်းကိုတော့ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှတတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။
-ကိုယ်ဝန်ဆောင်ချိန်တွင် ပထမ ၁၄ ပါတ်အတွင်းလိင်ဆက်ဆံမှုပြုခြင်းကိုတော့ရှောင်ရှားနိုင်လျှင်အကောင်းဆုံးပါပဲ။ သုသေသနတွေ့ ရှိချက်တွေအရတော့လိင်ဆက်ဆံခြင်းဟာကလေးငယ်ကိုမထိခိုက်စေနိုင်ဘူးဆိုသော်ညားလည်းဆရာဝန်များအနေနှင့်ကတော့ကလေးငယ်ကိုထိခိုက်စေနိုင်သည့်လိင်ဆက်ဆံမှုမျိုးကိုတော့ကိုယ်ဝန်ဆောင်နေစဉ် အချိန်အတွင်းရှောင်နိုင်လျှင် အကောင်းဆုံးဟုညွှန်ကြားနေကြစဲပါ။
-ကိုယ်ဝန်ဆောင်နေစဉ်အချိန်အတွင်းဒေါက်မြင့်ဖိနပ်စီးခြင်း၊ ဓာတုဆေးဝါများအသုံးပြုပြီးဆံပင်ဆေးဆိုးခြင်းများ၊ အမွေးချွတ်ခြင်းများကိုလည်း ရှောင်နိုင်သမျှ ရှောင်ရှားဖို့ သတိပေးချင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်အများစုကတော့ကိုယ်ဝန်ဆောင်နေစဉ် ဦးခေါင်းနှင့်ကိုယ်ခန္ဓာမှအမွေးအမျှင်များ သန်စွမ်းလာသည်ကိုသတိပြုမိကြပါလိမ့်မယ်။ ဒါတွေဟာပုံမှန်ဖြစ်ရပ်များဖြစ်လို့ စိုးရိမ်စရာမရှိပါဘူး။ ဓာတုဆေးဝါးများအသုံးပြုပြီး အမွေးမျှင်များချွတ်ခြင်းဟာ အရေပြားမှတဆင့်စိမ့်ဝင်သွားနိုင်ပြီး ကလေးငယ်၏ဖွံဖြိုးမှုကိုဘယ်လိုထိခိုက်စေနိုင်တယ်ဆိုတာမသိနိုင်ပါဘူး။ ထိုအမွေးမျှင်များဟာလည်းကလေးမွေးဖွားပြီး ၆လလောက်အကြာမှာ ပျောက်ကွယ်သွားမှာဖြစ်လို့ စိတ်ရှည်ခြင်းဟာအကောင်းဆုံးပါပဲ။
-အရေးကြီးဆုံးအချက်ကတော့ ကြောင်များနှင့်ဝေးရာတွင်နေပါ။ ကြောင်များဟာ Toxoplasmosis ဆိုတဲ့ အမိဝမ်းအတွင်းမှကလေးငယ်အတွက်အလွန်ကြောက်စရာကောင်တဲ့ရောဂါပိုးမွားတွေကိုသယ်ဆောင်လာကြလို့ပဲဖြစ်ပါတယ်။
----------------------
( ၄ ) ကြောင်များမှအဓိကဖြစ်ပွားသောToxoplasmosis ရောဂါအကြောင်းသိကောင်းစရာ။
Toxoplasmosis ဆိုတာဘာလဲ။...
Toxoplasmosis ဆိုသည်မှာ Toxoplasma gondii ဟုခေါ်သော အနုကြည့်မှန်ပြောင်းဖြင့်ကြည့်မှသာမြင်ရသည့် ကပ်ပါးကောင်မှ ကူးစက်သောရောဂါတစ်မျိုးဖြစ်ပါသည်။ ထိုရောဂါသည် ကိုယ်ခံအားကောင်းသူများအတွက် သက်ရောက်မှုအားနည်းသော်လည်း ခုခံအားနည်းသောကိုယ်ဝန်ဆောင် မိခင်များအတွက်မူ အန္တာရာယ် အလွန်ကြီးမားပါသည်။ အဘယ်ကြောင့်ဆိုသော် သန္ဓေသားလောင်းနှင့် မိခင်၏အချင်း ကိုများစွာထိခိုက်စေနိုင် သောကြောင့်ဖြစ်သည်။ သုသေသနစာတမ်းတွေအရ လူ ၁၀၀၀ တွင် ၁ယောက်နှုန်း ထိုရောဂါကို ကူးစက်ခံရပြီးမွေးဖွားလာကြပါသည်။ ထိုရောဂါကူးစက်မှုဟာ သေးငယ်နိုင်သလို ပြင်းထန်စွာသက်ရောက်ပြီး သန္ဓေသားလောင်းအသေမွေးဖွားမှုအထိပင်ပြင်းထန်နိုင်သည်။ ကူးစက်မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ပျက်စီးမှုတွေအပြင် အာရုံကြောဆိုင်ရာပျက်စီးမှုတွေ ဖြစ်ပွားစေနိုင်တဲ့အထိ အန္တာရာယ် များပါတယ်။ သတင်းကောင်းအနေကတော့ ထိုရောဂါကူးစက်မှုမဖြစ်ပွားစေရန် အချိန်မှီ ရှောင်ရှားနိုင်တဲ့နည်းလမ်းများစွာရှိပါသည်။
Toxoplasmosis ဖြစ်နိုင်ချေ နှင့် ကလေးကို ကူးစက်နိုင်ချေများ။
သုသေသနတွေအရ ကိုယ်ဝန်ဆောင်မိခင်များ၏ ၁၅% သာထိုရောဂါကူးစက်မှုကို ခုခံနိုင်အားရှိကြသည်။ ကိုယ်ဝန်စဆောင်ချိန်ပထမ ၃လအတွင်း မိခင်အားထိုရောဂါကူးစက်ပါက ကလေးထံကူးစက်နို်င်ချေ ၁၅% သာရှိသည်။ ဒုတိယ ၃လ အတွင်း ကူးစက်ပါက ကလေးအားကူးစက်နိုင်ချေ ၃၀% နှင့် တတိယ ၃လ အတွင်းဖြစ်ပွားပါက ကလေးအား ကူးစက်နိုင်ချေ ၆၀% အထိ ရှိသည်။ ကိုယ်ဝန် စတင်ချိန်တွင် ကူးစက်နိုင်ချေ နည်းပါးသော်လည်း ကူးစက်ပါက ကလေးအပေါ်သက်ရောက်မှုကတော့ ကိုယ်ဝန်ရင့်ချိန်ထက်များစွာပိုမို ပြင်းထန်ပါသည်။ ကိုယ်ဝန်မဆောင်မှီ ထိုရောဂါဖြစ်ပွားဖူးပါက အနည်းဆုံးအချိန် ၆လ ခြားပြီးမှသာကိုယ်ဝန်ဆောင်သင့်သည်။
Toxoplasmosis ရောဂါပိုး ဘယ်လို ပြန့်ပွားနေသလဲ။
ကျွမ်းကျင်သူတွေရဲ့ လေ့လာတွေ့ ရှိချက်တွေအရ ထိုရောဂါဖြစ်ပွားနှုန်း၏ ၅၀% ဟာ အသားစိမ်း၊ ငါးစိမ်း များနှင့် ကျက်အောင်ချက်ပြုတ်ထားခြင်းမရှိသောအသားများမှဖြစ်ပြီး ကျန်၅၀%ကတော့ သန့်ရှင်းအောင်ဆေးကြောထားခြင်းမရှိသော အစားအသောက်၊
ညစ်ညမ်းသောရေကိုသောက်သုံးခြင်း၊ ရောဂါပိုးများပေါက်ဖွားနေသောမြေကြီးများ၊ ကြောင်များ၏အညစ်အကြေးများကိုကိုင်တွယ်သောလက်များဖြင့် နှာခေါင်း၊မျက်စိ၊ ပါးစပ်များကိုထိတွေ့ ခြင်းတို့ ကြောင့်ဖြစ်ပါသည်။ ထိုရောဂါသည် လူအချင်းချင်း ကူးစက်ရောဂါမဟုတ်သော်လည်း မိခင်မှတဆင့် သန္ဓေသားလောင်းကိုမူ ကူးစက်စေနိုင်ပါသည်။ သွေးသွင်းခြင်း နှင့် ကိုယ်အင်္ဂါအစားထိုးကုသခြင်းများမှလည်း ကူးစက်စေနိုင်ပါသည်။
မိမိအအနီးနားမှကြောင်များကိုဖယ်ရှားသင့်ပါသလား။
မလိုအပ်ပါဘူး။ ထိုရောဂါ၏ အရင်းအမြစ်ဟာ ကြောင်များ၏ အညစ်အကြေးများမှစတင်ဖြစ်ပွားသော်လည်း ကြောင်များကိုဖယ်ရှားပစ်ဖို့ အထိတော့မလိုအပ်ပါဘူး။ ဒါပေမယ့် ပူးပူးကပ်ကပ်နေခြင်းမျိုး နှင့် ကူးစပ်နိုင်ချေတွေကိုလေ့လာပြီးတော့အထူးဂရုပြုနေထိုင်သင့်ပါသည်။အထူးသဖြင့် ကြွက်များ၊သားစိမ်းငါးစိမ်းများကိုစားသုံးသော နို့ပျက်နို့စိမ်းများသောက်သုံးသော ကြောင်များကိုရောဂါပိုး လွယ်ကူစွာကူးစက်စေနိုင်သည်။ ကြောင်များဟာထိုရောဂါပိုးမွားတွေကို အဓိကသယ်ဆောင်ပြီး ထိုရောဂါပိုးမွားများဟာလည်း ကြောင်များ၏ အူအတွင်းတွင်ထပ်မံပေါက်ဖွားကြပါသည်။ ထို့ကြောင့် ထိုကပ်ပါးပိုးများသည် ကြောင်၏ အညစ်အကြေးများတွင်များစွာရောက်ရှိနေခြင်းဖြစ်သည်။ ထို Toxoplasma gondii ကပ်ပါးကောင်များသည် ကြောင်များ၏အညစ်အကြေးများနှင့်မြေကြီးများတွင် ၁၈လအထိကောင်းစွာ အသက်ရှင်နေနိုင်သည်။ ထိုကာလအတွင်း
Toxoplasma gondii ကပ်ပါးကောင်များသည် ရေများကိုညစ်ညမ်းစေနိုင်သလို အသီးအရွက်များကိုလည်းကူးစက်စေပြီး ထိုမှတဆင့်လူများကို ကူးစက်စေနိုင်ပါသည်။
ကြောင်၏ ကူးစက်မှု့ မှဘယ်လိုရှောင်ရှားရမလဲ။
ကြောင်၏အညစ်အကြေးများကို အခြားသူတစ်ဦးဦးမှ ကူးစက်မှုမရှိစေနိုင်သောအကာအကွယ်များဝတ်ဆင်ပြီး သန့်ရှင်းအောင်ပြုလုပ်ပါ။ မိမိကိုယ်တိုင်ပြုလုပ်ရပါကလည်း ရောဂါပိုးမကူးစက်စေရန်လက်အိတ်၊ နှာခေါင်းစည်း များဝတ်ဆင်ပြီး ကိုင်တွယ်ပါ။ လက်ကိုသေချာစွာ ဆေးကြောပါ။ ကြောင် များအားလည်း အသားစိမ်းငါးစိမ်းအစား ကောင်းမွန်ပြီးသန့်ရှင်းသော အသင့်စားအစာခြောက်များကြွေးပါ။ ကြောင်များအားကြွက်များ ငှက်များကိုဖမ်းခြင်းမပြုလုပ်နိုင်ရန်ထားပါ။ အိမ်အတွင်း ကြွက်များမရာက်ရှိလာအောင်လည်းဂရုစိုက်ပါ။ ကြောင်လေကြောင်လွင့်များကို လုံးဝမကိုင်တွယ်ပါနှင့်။ မိမိအိမ်အတွင်းမှကြောင်များကိုလည်း တခြားအပြင်မှကြောင်များဖြင့် ရောနှောခြင်းမရှိလေအောင်သီးသီးသန့်သန့်ထားပါ။ ကြောင်များကိုကိုင်တွယ်ပြီးတိုင်းလည်းလက်ကို ဆပ်ပြာဖြင့်သေချာစွာဆေးကြောပါ။
အစားအသောက်များမှကူးစက်နိုင်ချေ။
အသားအချို့ မှာလည်းထိုရောဂါများ တွယ်ကပ်နေနိုင်သောကြောင့် ကိုယ်ဝန်ဆောင်ချိန်နှင့် ကလေးနို့ တိုက်ချိန်အတွင်း အသားကင်များ နှင့် ကျက်အောင်ချက်ပြုတ်ထားခြင်းမရှိသော အသားငါးများ စားခြင်းကိုလုံးဝရှောင်ကျင်ရပါမည်။ အသီးအရွက်များစားသုံးပါကလည်း သန့်စင်အောင်ဆေးကြောပြီးမှ အခွံ့ များလွှာပြီးစားသုံးသင့်သည်။
Toxoplasmosis ရောဂါကူးစက်ခံနေရပြီလားဆိုတာ ဘယ်လိုသိနိုင်သလဲ။
ဆေးစစ်ခြင်းများ မပြုလုပ်ဘဲနှင့်တော့ဘယ်လိုမှမသိရှိနိုင်ပါဘူး။ ကျန်းမာပြီးခုခံအားကောင်သောမိခင်လောင်းအများစုမှာတော့ဘယ်လို ရောဂါလက္ခဏာမှ မပြတတ်ပါဘူး။ ရောဂါကိုသိစေနိုင်တဲ့ လက္ခဏာအချို့ ကတော့ ကြွက်သားနာကျင်ခြင်း၊ အားအင်ကုန်ခမ်းနေသကဲ့သို့ အမြဲခံစားနေရခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်းချောင်းနာခြင်း၊ အရေပြားယားယံခြင်း၊ ဖျားနာခြင်းတို့ ဖြစ်ပါသည်။ သန္ဓေသားလောင်းအပေါ် ကူးစက်ခြင်းကိုတော့ Ultrasound ရိုက်ခြင်းမှတဆင့် ကလေးငယ်၏ ပုံမှန်မဟုတ်ခြင်းများကိုအခြေခံပြီးသိရှိစေနိုင်ပါသည်။
မိခင်အား Toxoplasmosis ရောဂါကူးစက်ခံရပါက ဘယ်လိုဖြစ်မှာလဲ။
မိခင်အားထိုရောဂါကူးစက်နေပါက ဆရာဝန်များမှ ကလေးငယ်အားကူးစက်မှုမရှိစေရန် နှင့် သက်ရောက်မှုအနည်းဆုံးဖြစ်စေရန် ပိုးသတ်စေးများသောက်သုံးစေခြင်းဖြင့်အထိရောက်ဆုံးကုသပေးနိုင်ပါတယ်။
ကလေးငယ်အား Toxoplasmosis ရောဂါကူးစက်ခံရပါက ဘယ်လိုဖြစ်မှာလဲ။
သန္ဓေသားလောင်းအပေါ်ကူးစက်မှုပြင်းထန်ပါက ကလေး၏ ဦးနှောက်အာရုံကြောနှင့် ကိုယ်ခန္ဓာအစိတ်အပိုင်းများချို့ ယွင်းနိုင်ခြင်း၊ ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ မွေးဖွားပြီးမကြာခင်တွင်သေဆုံးခြင်းအထိပင်ပြင်းထန်နိုင်သည်။ကိုယ်ဝန်ရင့်ချိန်တွင်ကူးစက်ခံရပါက မွေးဖွားလာချိန်တွင် သာမာန်ကလေးများကဲ့သို့ပင်ဖြစ်လင့်ကစား အသက်အရွယ်ကြီးမြင့်လာသည်နှင့်အမျှရောဂါလက္ခဏာခံစားနိုင်သောကြောင့်အမြဲစစ်ဆေးကုသပေးသင့်သည်။
ထို့ကြောင့် မိခင်များအနေဖြင့် ကြောက်စရာကောင်းလှသော Toxoplasmosis ရောဂါကူးစက်မခံရစေရန် အထူးဂရုပြုနေထိုင်သွားစေလိုကြောင်း တိုက်တွန်းပေးလိုက်ပါသည်။
--------------
( ၅ ) ကိုယ်ဝန်ဆောင်ချိန် ကာလအပိုင်းအခြားအလိုက် စားသုံးသင့်သည့် အကောင်းဆုံးအစားအစာများ
ကိုယ်ဝန်ဆောင်သည်နှင့် အမြဲတမ်း ၂ယောက်စာ စားဖို့ တော့မလိုပါဘူး။ ကလေးငယ်များဖွံ့ ဖြိုးမှုဟာ မိခင်ရဲ့စားသောက်မှုအပေါ်မှာ မူတည်နေတယ်ဆိုတာ မိခင်အနေနဲ့ အစားအများကြီးစားဖို့ မဟုတ်ပဲ အဟာရပြည့်ဝတဲ့ အစားစာများကို စားသုံးသင့်တာကို ရည်ညွှန်းပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေဟာ ဒုတိယ ၃လ မှာနေ့စဉ် ၃၄၀ကယ်လိုရီ နှင့် တတိယ ၃လ မှာ ၄၅၀ ကယ်လိုရီ လောက်ပိုမိုလိုအပ်ပါတယ်။
အမျိုးသမီးများ ကိုယ်ဝန်ဆောင်စဉ် iron, calcium, protein, vitamins A, B and C, folate, magnesium, selenium နှင့် zinc ဓါတ်တို့ လိုအပ်ပါတယ်။ အောက်ဖော်ပြပါအစားအသောက်များကတော့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အကောင်းဆုံးသောစားသုံးသင့်သည့်အစားအစာများဖြစ်ပါသည်။
-ငှက်ပျောသီး ( ပထမ ၃ လ )
ကိုယ်ဝန်နုချိန်တွင် ငှက်ပျောသီးစားသုံးခြင်းဖြင့် ပျို့ ချင် အန်ချင်ဖြစ်ခြင်း မအီမသာ ဖြစ်ခြင်းတို့ ကို သက်သာစေပါသည်။ ငှက်ပျောသီးတွင် ဗီတာမင် ဘီ6၊ အမျှင်ဓါတ်၊ ဗီတာမင် စီ နှင့် ပိုတက်စီယမ် ဓါတ်များပြည့်ဝစွာပါဝင်သည်။
-ဟင်းနုနယ်ရွက် ( ပထမ ၃ လ )
ဟင်းနုနယ်ရွက်တွင် folate ဓါတ်များစွာပါဝင်သည်။ folate ဓါတ်သည် ကိုယ်ဝန်နုချိန်တွင် အထူးလိုအပ်ပြီး ကလေးငယ်များမွေးရာပါ ဦးနှောက်နှင့် အာရုံကြောချွတ်ယွင်းသည့်ရောဂါများ မဖြစ်ပွားစေရန်ကာကွယ်ပေးသည်။ ဟင်းနုနယ်ရွက်တွင် folate ဓါတ် အပြင် အမျှင်ဓါတ်၊ သံဓါတ်၊ ဗီတာမင် အေ၊စီ၊ကေ နှင့် manganese တို့ ပါဝင်သည်။
-ပဲများ ( ပထမ ၃ လ )
ပဲများတွင် အားလုံးသိသည့်အတိုင်း လူတွေအတွက် အသားဓါတ်နှင် အမျှင်ဓါတ် ကြွယ်ဝသည့် အဓိကအရင်းအမြစ်ဖြစ်သည်။ ပဲတွေမှာပါဝင်သည့် အမျှင်ဓါတ်များသည် ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်လေ့ရှိသည် ၀မ်းချုပ်ခြင်းကို သက်သာစေပါသည်။ ကိုယ်ဝန်ဆောင်မိခင်များ၏ ၄၀% ဟာ ၀မ်းချုပ်တဲ့ဒုက္ခကိုခံစားကြရပြီး ထိုဝမ်းချုပ်ခြင်း ဝေဒနာအတွက် ပဲများသည်သာ အကောင်းဆုံးဖြစ်သည်။ အထက်ဖော်ပြပါဓါတ်များအပြင် folate နှင့် ironဓါတ်များလည်းအထူးကြွယ်ဝပါသည်။
-ငရုပ်ပွအနီများ ( ပထမ ၃ လ )
ဗီတာမင်စီ သည် ကိုယ်ဝန်ဆောင်မိခင်များ၏ လိုအပ်သော တစ်ရူးများ ဖွံ့ ဖြိုး မှု နှင့် ပြုပြင်ပြောင်းလဲမှုများတွက် အရေးပါသည်။ ငရုပ်ပွအနီများတွင် သာမာန်ငရုပ်သီး အစိမ်းများထက် ဗီတာမင်စီ ၂ဆ ပါဝင်သည်။ ငရုပ်ပွအနီ များသည် လိမ္မော်သီးများထက် ဗီတာမင်စီ ၃ဆပါဝင်သည်။ ဗီတာမင်စီ စားသုံးခြင်းဖြင့် သံဓါတ်စုပ်ယူမှုကို မြန်ဆန်စေသောကြောင့် အစာစားလျှင် ငရုပ်ပွအနီများကို ထည့်စားဖို့ မမေ့သင့်ပါဘူး။
-ဥများ ( ဒုတိယ ၃လ )
ဥအနှစ်များတွင် choline ဓါတ်များစွာပါဝင်သည်။ ထို အဟာရဓါတ်သည် သင့် နှင့် သင့် ကလေးငယ်၏ ဦးနှောက်ဖွံ့ ဖြိုးမှုကို အထောက်အပံ့ပေးသောမရှိမဖြစ် ဓါတ်တစ်မျိုးဖြစ်သည်။ ထိုအဟာရဓါတ်ကို ပဲပိစပ်၊ အမဲသား နှင့် နွားနို့ တို့မှလည်းရရှိနိုင်ပါသည်။
-ထောပါတ်သီး ( ဒုတိယ ၃လ )
ထောပါတ်သီးတွင် အမျှင်ဓါတ်၊ ဗီတာမင်ကေ၊စီ၊ဘီ6၊ folate၊ potassium တို့ များစွာကြွယ်ဝသည်။ ထောပါတ်သီးတွင် လူ့ ခန္ဓာကိုယ်အတွက် အလွန်ကောင်းမွန်သော အဆီဓါတ်များပါဝင်ပြီး နှလုံးရောဂါဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးပါသည်။ထောပါတ်သီးဟာလည်း ကိုယ်ဝန်ဆောင်ချိန်တွင်ဖြစ်တတ်သော ပျို့ အန်ချင်စိတ်ကို သက်သာပျောက်ကင်းစေပါသည်။ ကလေး၏ ဦးနှောက် နှင့် တစ်ရှူးဖွံ့ ဖြိုးမှူကိုလည်းအထောက်အပံ့ဖြစ်စေပါသည်။
-ဒိန်ချဉ် ( ဒုတိယ ၃လ )
ဒိန်ချဉ်တွင် နွားနို့များနည်းတူ ကယ်စီယံဓါတ်ကြွယ်ဝပြီး folateဓါတ်များလည်းပါဝင်သည်။ ကယ်စီယံပြည့်ဝခြင်းဟာ မိခင်ကောကလေးပါ အရိုးတည်ဆောက်မှုကိုကောင်းမွန်စေပါသည်။
-သင်္ဘောသီးအမှည့် ( တတိယ ၃ လ )
သင်္ဘောသီးတွင်လည်း ဗီတာမင်စီ၊ အမျှင်ဓါတ်၊ folate နှင့် potassium ဓါတ်များပါဝင်သည်။ ကိုယ်ဝန်ဆောင်ချိန်အထူးသဖြင့် တတိယကာလတွင်ဖြစ်ပေါ်တတ်သော ရင်ပူခြင်းကို သက်သာ ပျောက်ကင်းစေရန်အကောင်းဆုံး သဘာဝနည်းလမ်းမှာ သင်္ဘောသီးစားခြင်းပင်ဖြစ်သည်။ ဒါပေမယ့်ကိုယ်ဝန်ဆောင်မိခင်များကတော့ သဘောင်္သီးအမှည့်ကိုသာစားသုံးရပါမည်။
-အခွံမာသီးများ ( တတိယ ၃ လ )
Almonds၊ Pistachios၊ သစ်ကြားသီး၊ သီဟိုလ်စေ့ စသောအခွံ မာသီးအများစုတွင် ကျန်းမာရေးအတွက်ကောင်းမွန်သော အဆီဓါတ်များ၊ အသားဓါတ် နှင့် အမျှင်ဓါတ်များပါဝင်သည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ကိုယ်ဝန်ဆောင်မိခင်များသည် အမြဲတမ်းလိုလို နေထိုင်ရတာ သက်သောင့်သက်သာမရှိပဲဖြစ်လာတတ်သည်။ အစာကို အကြိမ်များစွာ စားသုံးဖို့ လိုအပ်လာသည်တတိယ ၃လ အချိန်တွင် ထိုအခွံ့ မာအသီးများကိုလည်း ပိုမိုစားသုံးပေးသင့်သည်။
-အဆီဓါတ်ကြွယ်ဝသောငါးများ ( တတိယ ၃ လ )
အဆီဓါတ်ကြွယ်ဝသောငါးများကိုစားသုံးခြင်းဖြင့် omega 3 ဓါတ်ကြွယ်ဝကာ နှလုံး နှင့် ဦးနှောက်ကို ပိုမိုအားကောင်းစေသည်။ လူတစ်ဦးဟာ ၁ပါတ်လျှင် ၆ouncesရှိတူနာငါးကိုစားသုံးနိုင်သည်။ ဒါပေမယ့်ထိုပမာဏထက်ပိုမိုစားသုံးလျှင် ခန္ဓာကိုယ်တွင်း မာကျူရီဓါတ် မြင့်တက်လာပြီး ကလေးငယ်ကိုထိခိုက်စေနိုင်ပါသည်။
ထို့အတူ ပန်းမုန်လာအစိမ်း၊ မုန်လာဥနီ၊ အစိမ်းရင့်ရောင် အရွက်များ အရောင်စုံအသီးအနှံများကိုလည်း အဟာရပြည့်ဝစေရန် စားသုံးသင့်ပါသည်။
--------------
( ၆ ) ကိုယ်ဝန်ဆောင်မိခင်များ ညအချိန်တွင်ကောင်းမွန်နှစ်ခြိုက်စွာ အိပ်ပျော်စေမည့် နည်းလမ်းကောင်းများ
ကိုယ်ဝန်ဆောင်ချိန်တွင် မိခင်လောင်းတိုင်းမဖြစ်မနေကြုံတွေ့ရမည့်ဒုက္ခကတော့ ကောင်းမ...ွန်စွာ အိပ်မပျော်ခြင်းပါပဲ။ထိုသို့ဖြစ်ရတဲ့အကြောင်းတွေကတော့ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဖိစီးမူများခြင်း၊ ဟော်မုန်းအပြောင်းအလဲဖြစ်ပေါ်ခြင်း၊ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲဖြစ်ပေါ်မူတွေကြောင့်သက်တောင့်သက်သာမရှိခြင်း တွေကြောင့်အဓိကဖြစ်ပါသည်။ ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ အဆင်ပြေစွာ အိပ်စက်ဖို့ ပိုမိုခက်ခဲလာကြပါတယ်။ တစ်ညတည်းတွင်ပင် အကြိမ်ကြိမ် နိုးထကာ အပေါ့သွားတတ်ကြပါတယ်။ ထို့အတူ ခြေထောက်ကြွက်တက်ခြင်း၊ ရင်ပူခြင်း တွေဖြစ်စေပြီး အိပ်ရေးပျက်ခြင်းကြောင့် အားအင်ကုန်ခမ်းစေနိုင်ပါသည်။
အောက်ပါအချက်အလက်များကတော့မိခင်လောင်းများ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ရန်အတွက် အထောက်အပံ့ဖြစ်စေနိုင်တဲ့နည်းလမ်းကောင်းများဖြစ်ပါသည်။
( ၆-၁ ) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
လမ်းလျှောက်ခြင်း၊ ယောဂ၊ ရေကူးခြင်းများကဲ့ သိုသော အပေါ့စားလေ့ကျင့်ခန်းများကို တစ်ရက် မိနစ် ၃၀ ခန့်ပြုလုပ်ပေးခြင်းဖြင့် ပိုမိုအိပ်ပျော်စေနိုင်ပါတယ်။ အားကစားလုပ်ခြင်းဖြင့် သွေးလည်ပါတ်မှုကိုပိုမိုကောင်းမွန်စေပြီး ညအခါ ကြွက်တက်ခြင်းကို လျှော့ကျစေပါသည်။
ဒါပေမယ် အားကစားလုပ်ပြီးချိန်တွင် လူကိုလန်းဆန်းတက်ကြွစေသဖြင့် အိပ်ချိန်နှင့်ကပ်ပြီးအားကစားလုပ်ပါက အိပ်ချိန်ရောက်သော်လည်း ချက်ခြင်းအိပ်မပျော်ခြင်းကိုဖြစ်စေနိုင်ပါသည်။
( ၆-၂ ) ည ၇နာရီ ကျော်ပြီးချိန်များတွင် အရည်ကိုလျှော့သောက်ပါ။
နေ့အချိန်တွင် အရည်များများသောက်သင့်ပြီး ညနေဖက်တွင် အရည်များကိုလျှော့သောက်ခြင့်ဖြင့် ညအခါအပေါ့သွားသည့်အကြိမ်ကို လျှော့ချနိုင်ပြီး အိပ်ရေးပျက်ခြင်းကို သက်သာစေနိုင်ပါသည်။
( ၆-၃ ) ကျန်းမာစွာ စားပါ။
တစ်နေ့တာအစားအသောက်ကို ဆင်ခြင်စွာစားသောက်ပါ။ အစပ်လျှော့စားပါ၊ဆီကြော်စာများကို ရှောင်ကျဉ်ပါ၊ ကဖင်းဓါတ်ပါသောအစားအသောက်များကိုဖြတ်ပါ။ အရက်ဆေးလိပ်မသောက်ပါနှင့်။ အစာကိုမျှတစွာစားသုံးပေးခြင်းဖြင့် အဟာရပြည့်ဝကာ ကျေနပ်မှုရရှိပြီး ညအခါပိုမို အိပ်ပျော်စေရန်အထောက်အကူဖြစ်ပါသည်။ အကြိမ်နည်းနည်းနှင့်များများစားသောက်ခြင်းထက် အကြိမ်းများများတွင် နည်းနည်းစီ စားသောက်သင့်သည်။ ညအိပ်ခါနီး ငှက်ပျောသီး စားသုံးပါ၊ ငှက်ပျောသီး ဟာ သဘာဝအကောင်းဆုံး အိပ်ဆေးတစ်ခုဖြစ်ပါသည်။
( ၆-၄ ) ခေါင်းအုံးလုံလောက်စွာဆောင်ထားပါ။
သက်သောင့်သက်သာပုံစံဖြင့်အိပ်စက်နိုင်ရန် လုံလောက်သော ခေါင်းအုံးများအသုံးပြုပါ။ ရင်ပူခြင်း၊ အော့အန်ချင်စိတ်ဖြစ်ပေါ်ပါက ခေါင်းအုံးများအသုံးပြုကာ ကိုယ်ခန္ဓာအပေါ်ပိုင်းအား ခုပြီး မြင့်တက်အောင်ထားခြင်းဖြင့်သက်သောင့်သက်သာဖြစ်စေနိုင်ပါသည်။ ခြေထောက်နှစ်ချောင်းကြား၊ ကြောအနောက်ဖက်ခြမ်းနှင့် ၀မ်းဗိုက်အောက်တို့တွင်ခေါင်းအုံးခုခြင်းဖြင့် လည်း ခန္ဓာကိုယ်၏ဖိအားကြောင့် ကိုက်ခဲခြင်းများကိုသက်သာစေကာ နှစ်ခြိုက်စွာအိပ်ပျော်စေနိုင်ပါသည်။ ခေါင်းအုံးများအစား ကိုယ်ခန္ဒာတစ်ခုလုံးအသုံးပြုနိုင်သော ကိုယ်ဝန်ဆောင်ခေါင်းအုံးများလည်းအသုံးပြုနိုင်သည်။
( ၆-၅ ) ဘေးတစောင်းအိပ်ပါ။
အထူးသဖြင့်ကိုယ်ဝန် အပါတ်၂၀ မှစတင်ကာ ဘယ်ဖက်သို့စောင်းအိပ်ခြင်းဖြင့် ကျောက်ကပ်၊ အချင်း နှင့် ကလေးငယ်ထံ သွေးလည်ပါတ်မှုကိုပိုမိုအားကောင်းစေပါသည်။ ဒါပေမယ့်တစ်ညလုံး ပုံစံတစ်မျိုးတည်းအိပ်ဖို့တော့မဖြစ်နိုင်ပါ။ ထို့ အတွက်ကြောင် ညာဘက်သို့လည်း ခဏပြန်စောင်းအိပ်နိုင်ပါသည်။ ဒါပေမယ့် ပက်လက်လှန်အိပ်ခြင်းကိုတော့ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ရှောင်ကျဉ်နိုင်သလောက် ရှောင်ကျဉ်သင့်သည်။ ထို့အပြင်ရေနွေးအိပ်ကိုလည်း လိုအပ်သလိုအသုံးပြုနိုင်ရန် အဆင်သင့်ဆောင်ထားသင့်သည်။
( ၆-၆ ) ညနေအချိန်အခါတိုင်းကိုသက်သောင့်သက်သာရှိစွာဖြတ်ကျော်ပါ။
ညနေစာ စားသုံးပြီးချိန်မှစတင်ကာ ကဖင်းဓါတ်မပါဝင်တဲ့အရည်ပူပူ၊ နို့ပူပူတစ်ခွက်နှင့် စာရေးခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ အနိုပ်ခံခြင်း ကဲ့သို့သော စိတ်ဖိစီးမှူကိုလျှော့ကျစေနိုင်သော လုပ်ဆောင်မှုမျိုးကို ဆောင်ရွက်ခြင်းဖြင့် ညအခါပိုမို အိပ်ပျော်စေနိုင်ပါသည်။
( ၆-၇ ) စိတ်ဖိစီးမှု နှင့် အပူအပင် မရှိအောင်နေပါ။
စိတ်ဖိစီးမှုတွေဟာ ညအခါနှစ်ခြိုက်စွာ အိပ်ပျော်ခြင်းကိုများစွာ အနှောက်အယှက်ဖြစ်စေပါသည်။ အပူအပင်တွေရှိလာတဲ့အခါ မိမိတစ်ယောက်ထဲ ကြိတ်ခံစားခြင်းထက် အကောင်းဆုံးအထောက်အကူပေးနိုင်သော ခင်ပွန်းဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ ပညာရှင်ဖြစ်စေ အမြန်ဆုံးရှာဖွေပြီး ဖြေရှင်းပါ။ တရားထိုင်ခြင်းဖြင့်လည်း စိတ်ဖိစီးမှုကိုလျှော့ကျစေနိုင်ပါသည်။
( ၆-၈ ) နေ့အချိန်တရေးအိပ်ခြင်း အချိန်ကိုလျှော့ချပါ။
နေ့အခါတရေးအိပ်ခြင်းဟာ ကိုယ်ဝန်ဆောင်မိခင်များအတွက်လိုအပ်ပါသည်။ ဒါပေမယ့် တရေးအိပ်ချိန်ဟာ နာရီပေါင်းများစွာ ကျော်လွန်ပါက ညအခါပုံမှန်အိပ်စက်ခြင်းကို ထိခိုက်စေနိုင်သည့်အတွက် တရေးအိပ်ပါကလည်း မိနစ် ၃၀ ထက်ပိုပြီး မအိပ်မိစေရန်ဂရုစိုက်ပါ။
-----------------------
( ၇ ) ကလေးမီးဖွားဖို့ ဆေးရုံကိုဘာတွေယူဆောင်သွားဖို့လိုအပ်သလဲ။
ကိုယ်ဝန် ၈ လလောက်ရှိလာချိန်မှာ မိခင်တိုင်းဟာ ကလေးမွေးဖွားဖို့ အဆင်သင့်ပြင်ဆင်ထားရန် အကြံပြုပါရစေ။ အဘယ့်ကြောင့်ဆိုသော် မွေ...းဖွားမည့်ရက်မတိုင်ခင် ၂ပါတ် ၃ပါတ် အလိုတွင် အချိန်မရွေးလည်းမွေးဖွား နိုင်ကြသည်ကိုမိခင်များသတိရှိသင့်သည်။ မီးဖွားချိန်မတိုင်ခင် ကတည်းက မီးဖွားဖို့ ၊ ဆေးရုံတက်ဖို့၊ မီးဖွားပြီးချိန် မိခင်ကော ကလေးပါအသုံးပြုရန် ပစ္စည်းတော်တော်များများကို ကြိုတင်ပြင်ဆင်ထားသင့်သည်။
ကလေးမီးဖွားရန်အတွက် ကြိုတင်ဆောင်ရွက်ထားသင့်သည့်ကိစ္စများ။
( ၇-၁-၁ ) ကိုယ်ဝန်ဆောင်မိခင်၏ ဆေးမှတ်တမ်းအားလုံးအားဆေးရုံသို့ယူဆောင်သွားရန်သတိရပါ။
( ၇-၁-၂ ) ဆေးရုံအားကြိုတင်ရွေးချယ်ထားရန်နှင့် မီးဖွားမည့်ရက်အားကြိုတင်စာရင်းသွင်းထားရန်။
( ၇-၁-၃ ) ကလေးမွေးဖွားမည့် နည်းလမ်း(သဘာဝအတိုင်းမွေးဖွားခြင်းနှင့် ခွဲစိတ်မွေးဖွားခြင်း)အားမိမိဆရာဝန်နှင့်တိုင်ပင်ကာ ကြိုတင်စီစဉ်ထားရန်။
( ၇-၁-၄ ) မိမိဆရာဝန်၏ ဖုန်းနံပါတ်နှင့် ဆေးရုံ၏ဆက်သွယ်ရမည့် ဖုန်းနံပါတ်များကိုမှတ်သားထားရန်။
( ၇-၁-၅ ) မီးဖွားစရိတ်အား အဆင်သင့်ဆောင်ထားရန်။
( ၇-၁-၆ ) မီးဖွားချိန်မတိုင်မှီရက်များအတွင်း မိမိတို့အသုံးပြုမည့် ဖုန်းများအား ဖုန်းခလုံလောက်စွာကြိုတင်ထည့်သွင်းထားရန်။
( ၇-၁-၇ ) မိမိသွေးသည်ရှားပါးသွေးဖြစ်ပါက မိမိအပေါင်းအသင်းမိတ်ဆွေများမှတဆင့်လိုအပ်လျှင်အသုံးပြုနိုင်ရန်သွေးအလှူရှင်ရှာထားရန်။
မီးဖွားပြီးချိန် မိခင်နှင့်ကလေး အတွက်အသုံးပြုရန်ကြိုတင်စုဆောင်းထားသင့်သောပစ္စည်းများ။
( ၇-၂-၁ ) နို့တိုက်ဘရာစီယာ ( Nursing Bra ) နှင့် ဘရာစီယာအတွင်း နို့ရည်မယိုစိမ့်စေသောအခံပြား ( Breast Pads )
( ၇-၂-၂ ) နို့ဘူး နှင့် နို့ဘူးအတွက်နို့သီးခေါင်းအပို ( မိခင်နို့ရည်သာတိုက်ကျွေးမည်ဟုဆုံးဖြတ်ထားသော်ညားလည်း) ဆောင်ထားရမည်။ထို့အတူဆေးရုံမသွားခင်အချိန် ကြိုတင်ပေါင်းခံပိုးသတ်ထားပေးရမည်။
( ၇-၂-၃ ) မီးဖွားပြီးချိန်မိခင်နို့ရည်လုံလောက်စွာမထွက်ပါက တိုက်ကျွေးနိုင်ရန် နို့မှုန့် ဘူးလည်းဝယ်ယူထားရမည်။
( ၇-၂-၄ ) ကလေးသေးခံ ( Diaper ၊ အနှီးပိတ်စ ) စသည်တို့ကိုလည်း ကြိုတင်စုဆောင်းထားရမည်။ အနှီးပိတ်စများကို ကြိုတင် လျှော်ဖွတ်ထားသင့်သည်။ ကလေးအင်္ကျီနှင့် အနှီးများအား လျှော်ဖွတ်ရာတွင် ကလေးဆပ်ပြာကိုသာသုံးသင့်ပြီး လျှော်ဖွတ်ပြီးသိမ်းဆည်းပါကလည်း ပရုတ်လုံးများလုံးဝအသုံးမပြုရပါ။မိုးတွင်းကာလဖြစ်ပါကတတ်နိုင်လျှင်ရာဂဏန်းအထိဆောင်ထားပါ။
( ၇-၂-၅ ) ကလေးသေးခံအခင်း၊ ကလေးစောင်၊ ကလေး ခေါင်းအုံး၊ ၀ါဂွမ်း၊ ကလေးဦးထုပ်၊ လက်အိတ်ခြေအိတ် အစရှိသည့် လိုအပ်နိုင်သည့်မည်သည့်ပစ္စည်းမျိုးမဆို သေချာထုပ်ပိုးပြီး အဆင်သင့်ပြင်ဆင်ထားရမည်။ဝယ်ယူသောပစ္စည်းများအားအ၀ါရောင်မ၀ယ်မိစေရန်ဂရုပြုပါ။ အဘယ်ကြောင့်ဆိုသော်ကလေးများမွေးဖွားပြီးချိန်အသားဝါတတ်သဖြင့် အရောင်ဟပ်တတ်သော အရောင်များမသုံးခြင်းဖြစ်သည်။
( ၇-၂-၆ ) မီးဖွားပြီးချိန် မိခင်အတွက်လိုအပ်မည့် သက်သောင့်သက်သာရှိသော အ၀တ်အစားများကိုလည်း ပြင်ဆင်ထားရမည်။
( ၇-၂-၇ ) မိခင်နို့ရည်အားညှစ်ထုပ်ပေးသော ပစ္စည်း ( Breast Pump ) အားလည်း ရှာဖွေစုဆောင်းထားရမည်။
( ၇-၂-၈ ) မီးဖွားပြီးချိန်တွင် မိခင်များဟာသွေးဆင်းတတ်သောကြောင့် အထူစား အမျိုးသမီးလစဉ်သုံးပစ္စည်း ကိုလည်းယူဆောင်သွားရမည်။
------------------
( ၈ ) ကိုယ်ချစ်တဲ့သူကိုယ်ဝန်ဆောင်ရင် ကိုယ်ဘာလုပ်ပေးရမှာလဲ။
ယောင်္ကျားတစ်ယောက်ဟာ လူပျိုဘ၀ကနေ အိမ်ထောင်သည်တစ်ယောက်အဖြစ်ပြောင်းလဲသွားချိန်မှာ ပြောင်းလဲမှုဟာအများကြီးမရှိသေးပေမဲ့ ကိုယ့်အမျိုးသမီး ကိုယ်ဝန်ရနေပြီဆိုပြီး သိလိုက်ရတဲ့အချိန်ကစပြီး အရင်ကနဲ့ဘာမှမတူတော့တဲ့ အိမ်ထောင်သည် ဖခင်ဘ၀ကို ပြောင်းလဲသွားပြီပဲဖြစ်ပါတယ်။ ဒီတော့ ဘ၀ရဲ့အကြီးမားဆုံးသော ပြောင်းလဲမှုတစ်ခုအတွက်ဘာတွေပြင်ဆင်ထားသင့်တယ်ဆိုတဲ့အချက်လေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
ကိုယ်ဝန်ရှိလာသည်နှင့် ဇနီးသည်၏ခန္ဓကိုယ်အတွင်း မိမိ၏ သက်ရှိကလေး တစ်ယောက် ရောက်နေပါပြီ။ ဒီကလေးလေးရှင်သန်ကြီးထွားဖို့နှင့် လူ့လောကထဲကို ကျန်းကျန်းမာမာရောက်ရှိလာဖို့ အမျိုးသမီးတိုင်းဟာဒုက္ခမျိုးစုံကို လပေါင်းများစွာ ခံစားပြီးမှ မီးဖွားကြရတာပါ။ သာမာန်အနေနဲ့ကြည့်ရင်တော့ ဘာမှမဟုတ်ပေမဲ့ ကိုယ်တိုင်ဝင်ခံစားပြီးမှနားလည်နိုင်တဲ့ ဒုက္ခတွေကို တော့ ယောင်္ကျားတိုင်းသိရှိသင့်ပါတယ်။
ကလေးလေးကဘာလေးလဲဆိုတာကို အဓိကမသတ်မှတ်ပါနဲ့ ။ ယောင်္ကျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အားလုံးဟာ သင့်ရဲ့ကလေးလေးပါပဲ။
သင့်အမျိုးသမီး ကိုယ်ဝန်ရှိလာသည်နှင့် လူတွေအလယ် နှစ်ဘက်မိသားစုတွေအလယ်မှာ သာမာန်ထက်ပိုတဲ့ဂရုစိုက်မှုကိုခံရတဲ့သူ အဖြစ်ပြောင်းလဲသွားပါပြီ။ ဒါကိုလက်ခံနိုင်အောင်ကြိုးစားပါ။
သင်ကလည်း သာမာန်ထက်ပိုတဲ့ဂရုစိုက်မှုတွေကို သူ့ကိုပေးနိုင်အောင်ကြိုးစားပါ။
ကိုယ်ဝန်စတင်သည်နှင့် မိမိအမျိုးသမီး၏ နေထိုင်ပုံအားလုံးကိုမှတ်သားထားပါ။
ဆေးခန်းဆေးရုံ ဖုန်းနံပါတ်များ မိမိမှာရှိပါစေ။
သင်၏အမျိုးသမီးအထူးကုဆရာဝန်၏ ဖုန်းနံပါတ် နှင့် ဘယ်နေ့ ဘယ်ဆေးခန်းမှာ ဘယ်အချိန် ထိုင်သည်ဆိုသည့် အချိန်ဇယားအတိအကျ ပါ မိမိ နားတွင်ဆောင်ထားပါ။
ကိုယ်ဝန်ဆောင်မိခင်များဟာ ကိုယ်ဝန်စတင်သည်နှင့် ရင်သားဟာကြီးထွားပြောင်းလဲ လာပါတယ်။ ဒါဟာ မိမိနှင့်မဆိုင်သေးဘူးဆိုတာကိုတော့ သတိရစေချင်ပါတယ်။ ထို့အတူ ဟိုမုန်းပြောင်းလဲလာခြင်းတွေကြောင့်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးအများစုဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလတလျှောက် လိင်ဆက်ဆံခြင်းကိုလိုလားလေ့ မရှိတတ်ပါဘူး။ ဒါကို သင်နားလည်ပါ။
သင်၏အမျိုးသမီးအား ဆရာဝန်ညွှန်ကြားသောဆေးများသောက်သုံးရန်မေ့လျှော့နေသောအချိန်များတွင် သတိပေးပါ။ မိမိကလည်း သူသောက်သုံးသောဆေးများအကြောင်းနှင့် သောက်သုံးချိန်များကိုလေ့လာထားပါ။
ကျန်းမားသောအစားအသောက်များကို ကျွေးပါ။
ကိုယ်ဝန်ဆောင်မိခင်များနှင့်ဆိုင်သော စာပေများ ကလေးနှင့်ဆိုင်သော စာပေဗဟုသုတများကိုလေ့လာပါ။ သင်ယူပါ။ အသုံးချပါ။
အပျော်အပါးကိုလျှော့ပါ။ ငွေကိုစုဆောင်းပါ။ အချိန်ပေးပါ။
စိတ်ချမ်းသာအောင်ထားပါ။ ဘာပဲဖြစ်ဖြစ် အပြုံးနှင့်သာဆက်ဆံပါ။ အလျှော့ပေးပါ။ သူဟာ ဟိုမုန်းအပြောင်းအလဲကြောင့်စိတ်ကျခြင်း၊ စိတ်တိုခြင်း၊ ၀မ်းနည်းလွယ်ခြင်း တို့ဖြစ်တတ်တယ်ဆိုတာကို နားလည်ထားပါ။ စာနာပေးပါ။
အမြဲတမ်း မိမိအမျိုးသမီး ကျန်းမာစေရန်ကူညီဆောင်ရွက်ပါ။ လေ့ကျင်းခန်းများအတွက်လည်း မိမိမှဦးဆောင်ကူညီလေ့ကျင့်ပေးပါ။
ကိုယ်ဝန်ရင့်လာသည်နှင့်အမျှ ညချိန်အိပ်ရေးပျက်ခြင်းများကြုံတွေ့ လာပါမည်။ ဒါကို လက်ခံပေးပါ။ နားလည်ပေးပါ ။
ညအချိန် သာမာန်ထက်ပို ဗိုက်စာတာဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးတိုင်းပါ။ ဒါအတွက် သင်ကကြိုတင်ပြင်ဆင်ပေးပါ။
မီးဖွားဖို့ ရက်နီးလာသည်နှင့်အမျှ လုပ်စရာရှိတဲ့အလုပ်များကို မီးဖွားသည့်ရက်မတိုင်ခင် အကုန်ဖြတ်ထားပါ။ အလုပ်မှခွင့်ယူရန် လိုသည့်သူများအနေဖြင့်လည်း အထက်ကိုကြိုတင်အကြောင်းကြားတင်ပြထားပါ။
မီးဖွားရန်အတွက် လိုအပ်သောငွေကြေးကိုလည်းကြိုတင်စုဆောင်းထားပါ။
မီဖွားချိန်တွင်အသုံးပြုရန်အတွက် လိုအပ်သော ပစ္စည်းများ ( ကလေးအတွက် ၊ အမျိုးသမီးအတွက်၊ မိမိအတွက်) အားလုံးကိုကြိုတင်စဉ်းစားပြီးအဆင်သင့်ပြင်ထားပါ။
ကလေးမီးဖွားပြီးချိန်အတွက် အခန်းကို အသင့်ပြင်ရမှာ သင်ကိုယ်တိုင်ပါ။
ကလေးရဲ့ အညစ်အကြေး တွေကို ထိတွေ့ ဖို့ အဆင်သင့်ပြင်ထားပါ။ သင်ဟာဘယ်လောက်ပဲချမ်းသာ၊ သူနာပြုဘယ်နှစ်ယောက်ငှားငှား ဖခင်မေတ္တာက ဘယ်အရာကိုမှအစားထိုးလို့ မရနိုင်ပါဘူး။
ကလေးရဲ့ အနာဂါတ်အတွက်စီမံပေးဖို့ကိုလည်း ကြိုတင်ပြင်ဆင်ထားဖို့ မမေ့ပါနဲ့ ။
မိမိအတွက်အဖိုးတန်ရတနာကလေးတစ်ယောက်မွေးဖွားပေးမည့်သင်၏အမျိုးသမီးဟာလည်း သင့်အတွက်ရတနာပါပဲ။
နောက်ဆုံးအနေနဲ့ကတော့ ကိုယ်ကိုတိုင် သန္ဓေလွယ်ထားရရင်ဘာလုပ်မှာလဲ၊ ဘာလုပ်ခံချင်လဲ၊ ဘာတွေလိုအပ်မှာလဲ ဆိုတာတွေကို အမြဲသတိရပြီး မိမိအမျိုးသမီးအပေါ်ဂရုစိုက်ခြင်းဖြင့် ပျော်ရွင်သောနေ့ရက်များကိုဖြတ်သန်းနိုင်ကြပါစေ။
-----------------
( ၉ ) ကိုယ်ဝန်ရစေဖို့ အကူအညီဖြစ်စေမည့်နည်းလမ်းကောင်းများ။
( ၉-၁ ) အဟာရရှိပြီးကျန်းမာစွာနေထိုင်ခြင်း...
အဟာရရှိမည့် အစားအစာများကိုရွေးချယ်စားသောက်ခြင်းဟာ ကိုယ်ဝန်ရစေဖို့ အခွင့်အရေးကို အလျှင်အမြန်တိုးတက်စေမည့်နည်းတစ်နည်းဖြစ်ပါတယ်။ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ပေးခြင်းနှင့် ကျန်းမာစွာစားသောက်ခြင်းတွေဟာ သင့်ကိုယ်ခန္ဓာအားအကောင်းစုံပုံစံ ရစေပြီး ကိုယ်ဝန်ရစေရန် အထောက်အကူပြုပါလိမ့်မယ်။ မျိုးအောင်ဖို့ အတွက်ကိုအထောက်အကူပြုစေဖို့ သင်ဟာသန့်ရှင်းလက်ဆပ်တဲ့အသီးအနှံတွေ၊ အရောင်ပေါင်းစုံတဲ့မတူညီတဲ့ဟင်းသီးဟင်းရွက်တွေကိုစားသုံးရပါမယ်။
ဘယ်ရီသီးအမျိုးမျိုး၊ ငရုတ်ပွအနီရောင်၊ ခရမ်းချဉ်သီး၊ အစိမ်းရောင်အရွက်များစသည်ဖြင့် အဟာရပြည့်ဝစာများကို မကြိုက်သော်လည်းစားသုံးသင့်ပါတယ်။
ထို အတူ ဇင့်ဓါတ်ကြွယ်ဝသောကမာကောင်ကဲ့သို့သောအစားအစာများ၊
ဖော်လစ်( Folic )ကြွယ်ဝသော အစားအစားများ ဖြစ်တဲ့ထောပါတ်သီး၊ Broccoli ၊ ဟင်းနုနယ်ရွက်ကဲ့သိုသောအစာများကိုလည်း စားသုံးသင့်ပါတယ်။
အဟာရဖြစ်စေမည့် အသီးများ၊ အသားများ ဟာ သင့်ကို အမေတစ်ယောက်ဖြစ်လာစေဖို့ အထောက်အကူဖြစ်စေမှာပါ။ ဒီလို အစားအသောက်ပုံစံသုံးမျိုးကို ပုံမှန်တစ်နေ့တာအတွင်းပါဝင်အောင်စားသုံးပေးခြင်းဖြင့် သင့်လိုအင်ဆန္ဒများပြည့်ဝလာပါလိမ့်မယ်။
သင့်၏အမျိုးသားကိုလည်း သုတ်ပိုးကို ကျန်းမာသန်စွမ်းစေမည့် ဗိုက်တာမင် စီ၊ အီး ဓါတ်ပါသော ဖြည့်စွက်အစာများကို စားသောက်ဖို့ တိုက်တွန်းပါ။ ထို့အတူ အမျိုးသားများအနေဖြင့်ပူအိုက်စေသည့်အတွင်းခံဘောင်းဘီများဝတ်ခြင်းဟာ သုတ်ပိုးထုတ်လုပ်မှူကိုထိခိုက်စေနိုင်သောကြောင့်ပွသောအတွင်းခံများကိုသာဝတ်ဆင်သင့်ပါတယ်။
( ၉-၂ ) ဗိုက်တာမင်ဆေးများဖြည့်စွက်ပါ။
လိုအပ်သောဗိုက်တာမင်ဆေးဝါးများလည်းဖြည့်စွက်သာက်သုံးနိုင်ပါတယ်။ အလွန်အကျွံ မဖြစ်စေရန်ကိုတော့သတိပြုပါ။
Vitamin E
Zinc
Copper
Panthothenic acid
Potassium
Vitamin A
Vitamin C
Vitamin D
Thiamin B6
Riboflavin
Niacin
အကောင်းဆုံးကတော့အစားအသောက်များမှ ထိုဓါတ်များကိုရှာဖွေပါ။
( ၉-၃ ) မှန်ကန်တဲ့ကိုယ်အလေးချိန်။
ကိုယ်ဝန်ဆောင်ဖို့အကောင်းဆုံးကိုယ်ခန္ဓာဖြစ်စေရန် ဂရုပြုပါ။ပိန်လွန်းခြင်း ၀လွန်းခြင်းတွေဟာလည်း သင့်၏ကလေးရနိုင်ခြေကိုလျှော့နည်းစေပါတယ်။ ထို့အတွက်ကြောင့်ကလေးယူရန်ဆုံးဖြတ်ထားပါက မိမိကိုယ်ခန္ဓာကျန်းမာသောကိုယ်အလေးချိန်ဖြစ်စေရန်ကြိုးစားတည်ဆောက်ပါ။ အမြန်အလေးချိန်လျှော့ကျစေနိုင်သောဆေးများ၊နည်းလမ်းများကို တော့အသုံးမပြုသင့်ပါဘူး။
ထို့အတူသင့်အမျိုးသားလည်းထိုနည်းအတိုင်းကျန်းမာသန်စွမ်းစေရန်နေထိုင်ဖို့တိုက်တွန်းရပါမယ်။
( ၉-၄ ) အရက်၊ဆေးလိပ်ဖြတ်ပါ။
ကိုယ်ခန္ဓာအားဆိုးကျိုးဖြစ်စေပြီး ကိုယ်တွင်းအင်္ဂါများတွင်အဆိပ်အတောက်များကျန်ရစ်စေမည့် ဆေးလိပ်အရက်၊မူးရစ်ဆေးဝါးများကို သင်ကော သင်၏အမျိုးသားပါလုံးဝဖြတ်တောက်ရပါမယ်။ ဒါတွေဟာ သင်တို့၂ဦးစလုံးအတွက် မျိုးအောင်နိုင်ခြေကိုများစွာကျဆင်းစေလို့ပဲဖြစ်ပါတယ်။
အရက်ဟာလည်းအမျိုးသား၏သုတ်ပိုးအရည်အသွေးကိုများစွာထိခိုက်စေပါတယ်။
( ၉-၅ )Caffeine
Caffeineဓါတ်ဟာ အမျိုးသမီးများ၏မျိုးဆက်ပွားခြင်းကို ဘယ်လိုမှကောင်းကျိုးမဖြစ်စေပါဘူး၊caffeineဓါတ်များသော ကော်ဖီ၊ချောက်ကလက်အစရှိသည့်အရည်များကို တစ်နေ့ ၄ခွက်ထက်ပိုမိုသောက်သုံးပါက အမျိုးသမီးများ မျိုးအောင်နိုင်ခြေကို ၂၆%ကျဆင်းစေပါတယ်။
( ၉-၆ ) ပုံမှန်လိင်ဆက်ဆံခြင်းကိုပြုလုပ်ပါ။
အကောင်းဆုံးအကြံပြုချက်ကတော့ တစ်ပါတ်လျှင် ၂ကြိမ်၃ကြိမ်ဖြင့် အပါတ်တိုင်းပြုလုပ်ခြင်းဖြင့် သင့်အား ကလေးရစေဖို အခွင့်အလမ်းပိုများလာစေပါလိမ့်မည်။ လိင်ဆက်ဆံပြီးပါကလည်း ချက်ခြင်းထပြီးရေချိုးခြင်းမျိုးထက် ၁၀မိနစ် ၁၅မိနစ်ခန့် လှဲလှောင်းနေပေးပါ။တစ်ချို့တွေကတော့ ခြေ၂ချောင်းကိုလေထဲတွင်မြှောက်ထားလျှင်ပိုကောင်းသည်ဟုဆိုကြသော်ငြားလည်း တကယ်တန်းတော့ မလိုအပ်ပါဘူး။ တင်ပါးအောက်တွင် ခေါင်းအုံးကဲ့သို့သောမြင့်တက်လာစေမည့် ပစ္စည်းတစ်ခု ခံထားလျှင်လည်းအဆင်ပြေနိုင်ပါတယ်။ အမျိုးသားများ၏ သုတ်ပိုးများဟာ ၇ ရက်လာက်ကူးခတ်အသက်ရှင်နိုင်တာကြောင့်နေတိုင်းကလေးရစေရန်အတွက်တော့ကြိုးစားဖို့မလိုအပ်ပါဘူး။ ကျန်းမာသော သုတ်ပိုးများရရှိစေဖို့ကို သာကြိုးစားကြစေလိုပါတယ်။
ိကိုယ်ဝန်ရစေဖို့ လိင်ဆက်ဆံရန်အကောင်းဆုံးပုံစံများကိုတော့အမြင်မတင့်တယ်ဖြစ်မည်ဆိုးသဖြင့် မဖော်ပြတော့ပါ။
( ၉-၇ ) ရာသီစက်ဝန်းကို နားလည်သိရှိခြင်း
အမျိုးသမီးများအနေ့ဖြင့် ပုံမှန်၂၈ ရက် ရာသီစက်ဝန်း အတွက် ရာသီပေါ်ချိန်အစရက်မှ ( ၁၄ ) ရက်မြောက်နေ့တွင်မျိုးဥကြွေလေ့ရှိပါတယ်။ ထိုရက်တွေမှာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရစေမဲ့အကောင်းဆုံးနည်းလမ်းပါ။ အမျိုးသားသုတ်ပိုးဟာ အမျိုးသမီး၏ကိုယ်အတွင်း ၇ ရက်လောက် အသက်ရှင်နိုင်ပြီး အမျိုးသမီး ၏ မျိုးဥများကတော့ ၁၂နာရီမှ ၂၄နာရီအတွင်းသာအသက်ရှင်နိုင်ကြတာပါ။ ထို့အတွက်ကြောင်း သင်တို့နှစ်ဦးအနေနှင့် အကောင်းဆုံးအချိန်မှာ အကောင်းဆုံးကြိုးစားခြင်းဖြင့်လည်း ကလေးရစေဖို့ အခွင့်အလမ်းများ ဖြစ်ပေါစေပါလိမ့်မယ်။ထို့ကြောင့် အမျိုးသမီးတိုင်းမတူညီနိုင်တဲ့မိမိရက်တွေကို နားလည်တွက်ချက်နိုင်အောင်လုပ်ခြင်းဟာအရေးကြီးဆုံးပါပဲ။
( ၉-၈ ) ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ပါ။
လူအများစု ကျွမ်းကျင်တဲ့ပညာရှင်တွေနဲ့ဆွေးနွေးဖို့ အရမ်းနောင့်နှေးနေတတ်ပါတယ်။ နီးစပ်ရာဆေးမှီးတိုများနဲ့ကုသတာတွေ၊စမ်းတ၀ါးဝါးလုပ်နေတာတွေကိုအချိန်ကိုကြာစေသလို၊ မှားယွင်းတဲ့ကုသမှူတွေကလည်းသင့်အားဘေးဖြစ်စေနိုင်ပါတယ်။ဒါမဖြစ်သင့်ပါဘူး။ အထူးကုများနှင့်ပြပါ။ မိမိအခက်အခဲတွေကိုပွင့်လင်းစွာပြောပြပါ။ ဆွေးနွေးပါ။ အကူညီတောင်းပါ။ ဒါဟာမိမိဘာဖြစ်နေလည်းဆိုတာသိပ္ပံနည်းကျကျတိကျစွာသိနိုင်မဲ့နည်းတစ်ခုတည်းသောနည်းလမ်းပါ။ ဒါမှလည်း သင်၏အားနည်းချက်လား၊ သင့်အမျိုးသား၏အားနည်းချက်လားဆိုသည်ကိုသိရှိပြီးအမြန်ဆုံးအကောင်းဆုံးသောနည်းလမ်းများဖြင့် ကိုယ်ဝန်ဆောင်နိုင်စေရန် အခွင့်အလမ်းများပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။ တစ်ဖက်ဖက်မှဖြစ်စေ ၂ဦးလုံးမှဖြစ်စေ ချို့ယွင်းချက်ရှိသူများအနေနဲ့ကတော့အထူးကုဆရာဝန်နဲ့များနှင့်ကုသမှသာ အောင်မြင်နိုင်ဖို့ နီးစပ်မှာပါ။
( ၉-၉ ) စိတ်ဖိစီးမှုလျှော့ပါ။
စိတ်ဖိစီးမှူဟာကိုယ်ဝန်လိုချင်သောမိဘများဖြစ်တတ်သောအရာပါ။ ကလေးရအောင်ကြိုးစားရင်း ထိုစိတ်ဖိစီးမှူကြောင့်ပဲ ကလေးရစေဖို့ အဟန့်အတားဖြစ်စေပါတယ်။ ထို့အတွက် ၂ဦးစလုံး စိတ်ဖိစီးမှူကိုလျှော့ချနိုင်အောင်ကြိုးစားပါ။ ပေါ့ပါးတဲ့လေ့ကျင့်ခန်းတွေ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းများပြုလုပ်ခြင်းဖြင့်လည်း စိတ်ဖိစီးမှူတွေကိုလျှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါဟာ ၂ဦးစလုံးလုပ်ရမဲ့အရာပါ။
( ၉-၁၀ )အချိန်ယူပါ။
ကိုယ်ဝန်ရဖို့ လွယ်ကူသူတွေမဟုတ်တဲ့အတွက် ချက်ခြင်းကြီးဖြစ်လာဖို့ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ထို့ အတွက်အချိန်ယူပြီးနေထိုင်ပါ။ ဆရာဝန်နဲ့ ပုံမှန်မဟုတ်တောင်အခွင့်သင့်သလိုပြသပြီးကုသမှူခံယူပါ။ ထို့အတွက်ကြောင့်လည်းအမျိုးသမီးများအနေဖြင့် ကိုယ်ဝန်ဆောင်ရန်အကောင်းဆုံးအချိန်ဖြစ်တဲ့၁၈နှစ်မှ ၂၅နှစ်အတွင်း အိမ်ထောင်ပြုပြီးပါက ကလေးယူသင့်သည်။ အသက် ၃၅နှစ်အောက်တွေအတွက်ကတော့ အခက်ခဲမရှိသေးပေမယ့် အသက် ၃၅နှစ်ကျော်လာပါကမျိုးဥအောင်ဖို့အတွက် ခက်ခဲလာနိုင်ပြီး ကိုယ်ဝန်ဆောင်နိုင်ဖို့ ရာခိုင်နူံန်းလည်း သူများနှင့်ယှဉ်လျှင်နည်းပါးလာပါလိမ့်မည်။
မိခင်လောင်းများဘ၀ကိုအမြန်ဆုံးပိုင်ဆိုင်နိုင်ကြပါစေ။
--------------
( ၁၀ )မိခင်ကောကလေးပါကျန်းမာဖို့ မိခင်နို့တစ်မျိုးတည်းသာတိုက်ကြစို့ ။
-မိခင်နို့ရည်ဟာ ကလေးများအတွက် တစ်ခုတည်းသော အကောင်းဆုံး သဘာဝ အစားအစာပါ။
-မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့်ကလေးငယ်များကိုရောဂါကူးစက်မှုနှင့် နာမကျန်းဖြစ်ခြင်းမှကာကွယ်ပေးပါတယ်။
-မိခင်နို့ရည်သည် ကလေးများ ကျန်းမာရေးကို အထူးကောင်မွန်စေသည်။
-မိခင်နို့ရည်တိုက်ကျွေးခြင်းဖြင့် မိခင်၏ကျန်းမာရေးကို အကျိုးဖြစ်ထွန်းစေပါသည်။
-မိခင်နို့ရည်ဆိုတာငွေပေးပြီးဝယ်ရန်မလိုတဲ့အခမဲ့ပစ္စည်းပါ။
-ဘယ်အချိန်ဘယ်နေရာပဲရောက်ရောက် ကလေးအတွက် အဆင်သင့်သောက်သုံးနိုင်ပါတယ်။
-ကလေးအတွက်ပူလည်းအရမ်းမပူ အေးလည်းအရမ်းမအေးပဲ အသင့်လျှော်ဆုံးသောအပူချိန်အတိုင်းသဘာဝကချိန်ညှိပေးထားပါတယ်။
-နို့တိုက်ကျွေးခြင်းဖြင့် မိခင်နှင့်ကလေးကြား နက်နဲတဲ့သံယောစဉ်တွေကို တည်ဆောက်ပေးပါတယ်။
မိခင်နို့တိုက်ကျွေးခြင်းနှင့်ကလေးအတွက်အကျိုးကျေးဇူးများ
မိခင်နို့တိုက်ကျွေးခြင်းဟာကလေးငယ်များအတွက်အကောင်းဆုံးနှင့်အကျန်းမာဆုံးကိုဖြစ်စေပါတယ်။ ကလေးငယ်များကိုမွေးကင်းစမှ ၆လအထိမိခင်နို့တစ်မျိုးတည်းကိုသာတိုက်ကျွေးသင့်ပါတယ်။ ၆လကျော်သွားမှသာ မိခင်နို့အပြင် အဟာရဖြစ်စေသော အခြားအစားအသောက်များဖြင့် ကလေးကြီးထွားဖို့ အတွက် ဆက်လက်ပြီး တိုက်ကျွေးရပါမယ်။
မိခင်နို့တိုက်ကျွေးခြင်းဟာ ကလေးများအတွက် အသင့်တော်ဆုံးပါ။
မိခင်၏နို့ဦးရည်သည် ကလေးငယ်၏ ကိုယ်ခံအားကိုတိုးပွားစေသည့်အပြင် ကလေးငယ်၏ အစာအိမ်နှင့် အူလမ်းကြောင်းကြီးထွားဖွံ့ဖြိုးမှုကို ဖြစ်ထွန်းစေ ၍ ဓာတ်မတည့်မှုကို ကာကွယ်ပေးသည်။ နို့ဦးရည်နောက်တွင် ထွက်လာသော နို့ရည်သည် အရည်ဓာတ်၊ အသားဓာတ်၊ အဆီဓာတ်အပြင် သတ္တုဓာတ်နှင့် ပဋိဇီဝ ပစ္စည်းများပါ ပါဝင်သည်။မိခင်နို့ချိုတိုက်ကျွေးနေသောကလေးများအနေဖြင့်
-၀မ်းလျှောဝမ်းပျက်၊ အထက်လှန်အောက်လျှောဖြစ်ခြင်းဖြစ်စေနိုင်ခြင်းကိုလည်း လျှော့ကျစေနိုင်ပါသည်။
-မိခင်နို့ရည်ပြည့်ဝစွာတိုက်ကျွေးခြင်းဖြင့်လည်းမွေးကင်းစကလေးငယ်များတွင်ဖြစ်ပွားတတ်သောအသားဝါခြင်းကိုပျောက်ကင်းစေပါသည်။
-အစာမကြေအော့အန်ခြင်းကိုလည်း လျှော့ကျစေနိုင်သည်။
-၀မ်းချုပ်ခြင်းဖြစ်ပွားမှူလည်းလျှော့ကျစေနိုင်ပါသည်။
-နှင်းခူ၊ ယားနာ၊ ပန်းနာ ရင်ကြပ်ရောဂါဖြစ်ပွားနိုင်ချေလျှာ့ကျစေနိုင်ပါသည်။
-အသက်ကြီးလာတဲ့အခါ ဆီးချိုဖြစ်ပွားမှူနှုန်းနှင့် အ၀လွန်ရောဂါဖြစ်ခြင်းကိုလည်းလျှော့နည်းစေပါသည်။
-မိခင်နှင့်လက်ပွန်းတတီးနေရသောကြောင့် ကလေးငယ်၏ စိတ်လုံခြုံမှု၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် များစွာ အထောက်အကူပြုသည်။
မိခင်နို့ရည် ဟာတိုက်ရင်တိုက်သလောက်ကောင်းကျိုးကိုသာဖြစ်ထွန်းစေတာပါ။ မိခင်နို့ရည်တိုက်ကျွေးသည်ကာလရှည်လေလေ ကလေးအတွက် အကျိုးများလေလေ ဖြစ်ပါသည်။
နို့မှုန့်တွေဘယ်လောက်ကောင်းကောင်း မိခင်နို့ရည်ရဲ့အရည်အသွေးကိုမမှီနိုင်သလို ဘယ်လိုမှလည်းအစားထိုးလို့မရနိုင်ပါဘူး။
မိခင်နို့တိုက်ကျွေးခြင်းနှင့်မိခင်အတွက်အကျိုးကျေးဇူးများ
မိခင်နို့ရည်တိုက်ကျွေးခြင်းဟာကလေးအတွက်ပဲကောင်းကျိုးဖြစ်စေတာမဟုတ်ပါဘူး။ မိခင်ရဲ့ကျန်းမာရေးအတွက်လည်းလွန်စွာမှကောင်းမွန်စေပါတယ်။
-ရင်သားကင်ဆာနှင့်သားအိမ်ကင်ဆာဖြစ်နိုင်ခြေကိုလျှော့ကျစေပါသည်။
-တစ်နေ့ ကယ်ရိုရီ ၅၀၀ကျော်လောင်ကျွမ်းစေနိုင်ပြီး ကလေးမွေးဖွားပြီးချိန်အ၀လွန်နေသောမိခင်များအတွက် သဘာဝပိန်စေသောနည်းလမ်းဖြစ်ပါသည်။
-ငွေကြေးအကုန်အကျများစွာသက်သာစေပါသည်။
-မိခင်နို့တိုက်ကျွေးခြင်းဖြင့်လည်း မိခင်အနေဖြင့် ဓမ္မတာပြန်လာခြင်းကို အနည်းငယ်နှေးစေပြီး သဘာဝသားဆက်ခြားခြင်း၏ကောင်းကျိုးကို ခံစားရပါမည်။
အင်္ဂလန်နိုင်ငံတွင်တောင်မှ ယခုအခါ ၇၈%သောမိခင်များဟာ မိခင်နို့ရည်သာတိုက်ကျွေးနေကြပါပြီ။ လူတွေအများထင်နေတဲ့ မိခင်နို့ရည်နှင့် နို့မှုန့်အတူတူဆိုတာကတော့ လွန်စွာမှမှားယွင်းပါတယ်။ မိခင်အများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာလူကြားထဲကလေးနို့တိုက်ရမှာရှက်မယ်လို့ထင်ထားကြပေမယ့် တကယ့်အချိန်မှာတော့ ကလေးအတွက် လိုအပ်လာပါကမိခင်နို့ရည်တိုက်ကျွေးဖို့ဝန်မလေးကြတော့ပါဘူး။ မိခင်နို့ရည်ဟာ အစပိုင်းလောက်သာ ကလေးအတွက် မလုံလောက်ပေမယ့် နောက်ပိုင်းမှာတော့မိခင်အားလုံးနီးပါဟာ ကလေးလိုအပ်တဲ့ပမာဏကိုပေးစွမ်းနိုင်လာပါလိမ့်မယ်။
--------
( ၁၁ ) ကိုယ်ဝန်ဆောင်များကျန်းမာစေရေးနည်းလမ်းကောင်းများ
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ကိုယ်ဝန်ရှိသည်ကိုစတင်သိရှိသည်နှင့် ဦးစွာပထမလုပ်ရမှာကတော့ သွားဖွားမီးရပ်ဆရာဝန် နှင့် တတ်နိုင်သမျှစောအောင် ကိုယ်ဝန်အပ်နှံရေးပါပဲ။ ဆရာဝန်များနှင့်ဝေးတဲ့အရပ်ဒေသဖြစ်ပါက ဒေသံသရကျန်းများရေးဆရာ-ဆရာမများနှင့် ပြသရပါမယ်။ ဆရာဝန်များရဲညွှန်ကြားချက်ကိုခံယူပြီး ultrasound စစ်ဆေးမှုများလည်းပြုလုပ်ရပါမည်။
ကိုယ်ဝန်စတင်ရှိလာသည်နှင့် မိခင်ကောကလေးပါကျန်းမာဖို့အတွက် အဟာရရှိတဲ့အစားအသောက်များစားသုံး ဖို့ဟာလည်း အရေးပါတဲ့ အရာတစ်ခုပါ။ မိခင်လောင်းများအနေနဲ့ အသီးသို့မဟုတ် အရွက် ၅မျိုးကို နေစဉ်စားသုံးရပါမယ်။ အသား၊ပဲ၊ငါး၊ဥ၊ နို့ စသည့် အဟာရဖြစ်စေသော အစားအစာများကိုလည်း ပုံမှန်စားသုံးရပါမယ်။ အစာပိုစားခြင်းဆိုသည်မှာ ကလေးအတွက် ၂ယောက်စာပိုစားခြင်းမျိုးမဟုတ်ပဲ အဟာရပြည့်ဝသောအစားအစာများကို ပိုမိုစားသုံးခြင်းသာဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန် ၆လမှ စတင်ကာ အပို ကယ်ရိုရီ ၂၀၀ လောက်ပိုမိုစားသုံးရပါမယ်။ ဒါအပြင့် အဟာရရှိသည့် အစာပြေမုန့်များကိုလည်း အစဉ်အမြဲဆောင်ထားပြီး စာတိုင်းစားသောက်သင့်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ထပ်ဆင့်အနေနဲ့ လိုအပ်သော ဖြည့်စွက်ဆေးဝါးများလည်းသောက်သုံးသင့်ပါတယ်။ ဖောလစ်အက်စစ် ဟာ ကိုယ်ဝန်ဆောင်များအတွက် အရေးအကြီးဆုံးဖြစ်လို့ ဖောလစ်အက်စစ်၄၀၀ မိုက်ခရိုဂရမ် ပါဝင်တဲ့ ဆေးဝါးများသောက်သုံးရပါမယ်။ ဗီတာမင် ဒီ ဟာကလေးရဲ့ အရိုးသန်စွမ်းရေးအတွက် လိုအပ်သဖြင့် ၁၀ မိုက်ခရိုဂရမ် လောက်ပါဝင်သော ဗီတာမင် ဒီ ဆေးဝါးများလည်းသောက်သုံးနိုင်ပါတယ်။ ဒီဆေးများသောက်သုံးရာတွင် ဆရာဝန်ညွှန်ကြားသောဆေးတံဆိပ် များကိုသာသောက်သုံးရပါမယ်။ အချို့ဆေးဝါးများဟာ တရားဝင်ဆေးဝါးများမဟုတ်တဲ့အတွက် အရည်အသွေးများစွာအားနည်းနိုင်သလို မှားယွင်းသော ဖော်စပ်မှုများကြောင့်လည်း ကလေးကိုထိခိုက်နိုင်တဲ့အတွက် ဆရာဝန်အားဦးစွာတိုင်ပင်ပြီးမှသောက်သုံးသင့်ကြောင့်အကြံပြုပါရစေ။ ၀င်ငွေနည်းပါးသော မိခင်များအနေဖြင့်လည်း ကျန်းမာရေစေးခန်းများ ဒေသံသရဆေးခန်းများမှာ ကိုယ်ဝန်ဆောင်သည်နှင့် အချို့အားဖြည့်ဆေးများကို အခမဲ့ရယူနိုင်ပါတယ်။
အစားအသောက်သန့်ရှင်းမှုဟာလည်းကိုယ်ဝန်ဆောင်မိခင်များအတွက် အဓိကကြတဲ့ အချက်ပါ။ အစားအသောက်များမှတစ်ဆင့်မိခင်၏ကိုယ်ခန္ဓာအတွင်းသို့ ပိုးမွားများ အများဆုံးဝင်ရောက်နိုင်ပါတယ်။ ထို့အတွက်ကြောင့် အစားအသောက်များကို သေချာဆေးကြောပါ။ မှိုတက်နေတဲ့အစားအစာတွေကိုရှောင်ပါ။ ရောဂါပိုးမွားများရှိတတ်တဲ့ ငပိ၊ ချဉ်ဖက်များ ကိုလည်း တတ်နိုင်သမျှရှောင်ရှားသင့်ပါတယ်။ အသားများကိုလည်း ကျက်အောင်ချက်ပြုတ်ပြီးမှစားသုံးသင့်ပါတယ်။ အသီးအရွက်များဟာလည်း ပိုးသတ်ဆေးများစွာရှိနိုင်သဖြင့် သေချာဆေးကြောပါ။ အသီးများကိုလည်း အခွံခွာစားပါ။ ဥများကိုလည်း ကျက်အောင်ပြုလုပ်ပြီးမှာစားသုံးပါ။ အညစ်အကြေးများကိုလည်း အဖြစ်မနေကိုင်တွယ်ရပါက လက်အိပ်စွပ်ပြီးမှာကိုင်ပါ။ လက်အိပ်မရှိပါကလည်း ကိုင်တွယ်ပြီးချိန်တွင်လက်ကိုဆပ်ပြာဖြင့်သေချာစွာဆေးကြောပါ။ ကြောင်များ ၏ သန်းများ အညစ်အကြေးများနှင့်လည်းဝေးအောင်နေပါ။ အဘယ့်ကြောင့်ဆိုသော်ကြောင်များနှင့် ဆက်စပ်ဖြစ်ပွားသော Toxoplasmosis ရောဂါဟာလွန်စွာမှပြင်းထန်သောကြောင့်ဖြစ်ပါတယ်။
မိခင်လောင်းအများစုဟာ ကိုယ်ဝန်ဆောင်ချိန်မှာ ကလေးအတွက်ဟုဆိုကာ သာမာန်ထက်ပိုပြီး အိပ်စက်ခြင်း၊ ထိုင်ခြင်းတို့ကိုပိုမိုပြုလုပ်ကြပါတယ်။ ဒါဟာမှားပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်လောင်းများအနေဖြင့်ကျန်းမာရေးအတွက် သာမာန်အပေါ့စားလေ့ကျင့်ခန်းများပြုလုပရပါမယ်။ ကိုယ်ဝန်ဆောင်မိခင်များအတွက် အပေါ့စားလေ့ကျင့်ခန်းများကို ဖော်ပြပြီးဖြစ်သဖြင့် Happy Mom Pregnancy Pillow page အတွင်းဝင်ရောက်လေ့လာနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အရက် ဆေးလိပ် မူးယစ်ဆေးဝါးသုံးစွဲခြင်းလုံးဝအပြုလုပ်သင့်ပါဘူး။ caffeineဓါတ်ပါသာ အစားအသောက်များ ကော်ဖီ၊ ချောကလက်စသော အရာများကို လည်း လျှော့စားသင့်ပါတယ်။ caffeineဓါတ် ၂၀၀ မီလီဂရမ်ဟာ ကလေးတွေကို အန္တာရယ်မဖြစ်စေဘူးလို့တော့ဆိုပါတယ်။ ဒါဟာ အသင့်ဖျော် ကော်ဖီ၂ခွက်နဲ့ညီမျှပါတယ်။ ဒီတော့တစ်နေ့ ကော်ဖီ၂ခွက်ထက်တော့ပိုမသောက်သင့်ဘူးပေါ့။
ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့်လည်း သာမာန်ထက်ပိုမိုအနားယူ သင့်ပါတယ်။ နေ့ခင်းနေ့လည်တွင်လည်း တစ်ရေးလောက်အိပ်စက်သင့်ပါတယ်။ ဒါပေမယ့်ညအချိန်တွင် အိပ်မရလောက်အောင်တော့ နေ့ခင်းတွင်မအိပ်သင့်ပါဘူး။ တစ်ကြိမ်အိပ်ပါက နာရီဝက်ထက်ပို မအိပ်သင့်ပါဘူးလို သိပ္ပံနည်းတွက်ချက်ခြင်းတွေကဆိုပါတယ်။ အနားယူခြင်းဆိုရာတွင် အိပ်စက်ခြင်းဆိုသည်ထက် စိတ်အပန်းဖြေခြင်း ကိုယ်အပန်းဖြေခြင်းမျိုးဖြစ်စေမည့် အရာများကို ပိုမို လုပ်ဆောင်သင့်ပါသည်။
နောက်ဆုံးအနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် ဟိုမုန်းအပြောင်းအလဲ၊ခန္ဓာကိုယ်ဖွဲ့ စည်းပုံအပြောင်းအလဲတွေကြောင့် နေထိုင်ရမအီမသာဖြစ်ခြင်း၊ညညအိပ်မရခြင်း၊ စိတ်ကျခြင်းများလည်းဖြစ်စေနိုင်တဲ့အတွက် ပျော်ရွင်သောပါတ်ဝန်းကျင်တစ်ခုဖြစ်အောင် မိသားစုများအားလုံးမှလည်းကူညီစောင်ရွက်ပေးကြဖို့လွန်စွာမှအရေးကြီးပါတယ်။
----------
(HAPPY MOM ကိုယ်ဝန်ဆောင်ခေါင်းအုံးများအား အဆင့်မြှင့်တယ်ထုတ်လုပ်ထားပြီး ၀ယ်ယူလိုပါက 01-683372 /
09-73235636 တွင်ဆက်သွယ်ဝယ်ယူနိုင်ပါသည်။)

No comments:

Post a Comment

Note: only a member of this blog may post a comment.