Friday 18 July 2014

Saturday 12 July 2014

Samsung ဖုန်းရဲ့ Logo မှာ ရပ်နေ၍လုပ်မတတ်သူတွေအတွက်

Samsung ဖုန်းရဲ့ Logo မှာ ရပ်နေ၍လုပ်မတတ်သူတွေအတွက်…


Sumsang တွေမှာ အကြောင်းမျိုးမျိုးကြောင့် ဖုန်း
ပါဝါ ပြန်မတတ်ဘဲ Samsung log ပုံမှာဘဲ
ရပ်နေပြီး ပြန်လုပ်မတတ်ဖြစ်နေသူတွေအတွက် 
Computer မလိုဘဲ သင်တို့ကိုယ်တိုင်ပြုလုပ်အောင်
Samsung Galaxy တစ်လုံးကို နမူနာစမ်းသတ်
ပြသထားပါတယ်…ဒီလိုမျိုးက
 အများဆုံးဖြစ်တတ်တာက
ဖုန်းတွေမှာ Root ဖောင့်ပြီး မြန်မာ
ဖောင့်ထည့် ရန် Restart ချပြီး Logo မှာ ရပ်ပြီး
ပြန်မတတ် ဒါတွေ…ဖုန်းမှာ apk data တွေ ပြည့်ပြီး
သူအလိုလို ပါဝါပိတ်ပြီး ပြန်မတတ် ဒါတွေ ဒါတွေက 
အဖြစ်များဆုံးပါဘဲ…ပြီးတော့ သင် တို့ရဲ့ဖုန်းကို
ဝယ်လာစအတိုင် ပေါ့ပါးချင်ရင်လည်း ဒီနည်းလေးနဲ အဆင်ပြေပါတယ်…သင်တို့ အသုံးများတဲ့ application
တွေကို SD Card ထဲထည့်ထားပေးပါ…Facebook အသုံးများပြီး…Video တွေ တင်လို့မရတာ တွေကိုလည်း…ဒီနည်းအတိုင်း လုပ်ဆောင်သွားပါက
ဖုန်းက အသစ်တိုင် ပြန်လည်းရှိသွားမှာလည်းဖြစ်ပါတယ်!!ပြုလုပ်နည်းအောက်မှာ ကြည့်သွားပါ…

အရင်ဦးဆုံးမိမိတို့ Mobile ဖုန်ရဲ့Battery ကို ဖြုတ်၍
ပြန်တတ်ပေးလိုက်ပါ


ပြီရင် အောက်က ပုံအတိုင်း မိမိတို့ ဖုန်းရဲ့ 
(အသံချဲ ခလုတ်' ပါဝါ ခလုတ်'Home ခလုတ် )
သုံမျိုးလုံးကို ဖိနှိပ်ပြီး ဖုန်းရဲ့Logo ပုံ ပေါ်လာရင် လွှတ်ပေးလိုက်ပါ

အပေါ်က အတိုင်း လုပ်ဆောင်ပြီးပါက အောက်ကပုံလို
ပေါ်လာရင် (အသံ တိုး ခလုတ် )ဖြင့် ၃ကြောင်းမြောက်
ဖြစ်တဲ့ 
wlp data/factory restet ကို ဆွဲချပြီး
(ပါဝါ ခလုတ်)ဖြင့် Ok လုပ်လိုက်ပါ


ပြီးရင် အောက်ပုံ အတိုင်း 
Yes--'delete all user date ကို နှိပ်လိုက်ပါ…ခင်ဗျာ

အဆင့်ကတော့ ပြီးခါနီးနေပါပြီး အောက်ပုံအတိုင်း
Language မှာ English ဘာသာရွေးပြီး
Googal account ထည့်ပေးလိုက်ပါ

ကဲ့ အောက်ပုံလို တွေ့ရ ရင်တော့ Ok နှိပ်ပြီး မိမိးတို့ 
ဖုန်းက ဝယ်စ ဖုန်းအတိုင်း ဖြစ်သွားပါလိမ့်မယ်……

Samsung logo ပုံ ရပ်နေတာ ပြုလုပ်နည်းပြီးဆုံးသွားပါပြီး
ဆော့ဝဲလမ်းညွန် ရဲ့ စာဖတ် ပရိသတ် အားလုံး ရွှင်လန်းချမ်းမြေ့ ကြပါစေ…

ဆော့ဝဲလမ်းညွန်
  အာကာ

Friday 11 July 2014

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့

“၀ါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့”


ဗုဒ္ဓဘာသာဝင်များအတွက် ၀ါဆိုလပြည့်နေ့သည် နေ့ထူးနေ့မြတ် ဖြစ်သည်။
ဝါဆိုလပြည့်နေ့တွင် ဂေါတမမြတ်စွာဘုရား အလောင်းတော်သည်
တုသိတာနတ်ပြည်မှ သက်ဆင်း၍ လူ့ပြည်၌ ပဋိသန္ဓေတည်ခဲ့သည်။
ဝါဆိုလပြည့်နေ့မှာပင် ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသားသည်
တောထွက်တော်မူခဲ့သည်။
ထို့ပြင် ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည်
ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဓမ္မစကြာတရားဦး ဟောတော်မူခဲ့သည်။
ထိုမျှမက ၀ါဆိုလပြည့်နေ့မှာပင် ဘုရားရှင်သည်
သာဝတ္ထိပြည် သရက်ဖြူပင်ရင်း၌ တိတ္ထိများကို နှိမ်နင်း၍
တန်ခိုးပြာဋိဟာ ပြတော်မူခဲ့သည်။
(“သန္ဓေ ၊ တောထွက် ၊ ဓမ္မစက်၊ ဟောမြွက်သံချို လ-၀ါဆို”)
ထိုထိုအကြောင်းများကြောင့် ၀ါဆိုလပြည့်နေ့ကို
ဗုဒ္ဓဘာသာဝင်တို့က နေ့ထူးနေ့မြတ်အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

ဤနေ့ထူးနေ့မြတ်တွင် ပါဝင်သော ဓမ္မစကြာတရား
ဟောတော်မူသည့် “၀ါဆိုလပြည့်နေ့”ကို
“ဓမ္မစကြာအခါတော်နေ့”ဟူ၍ သတ်မှတ်ထားသည်။
ဘုရားရှင်သည် ဓမ္မစကြာတရားတော်ကို မိဂဒါဝုန်တောရှိ
ပဉ္စ၀ဂ္ဂီ ၅-ဦးကို ဟောပြောတော်မူခဲ့သည်။
ယင်းသို့ဟောပြောရာတွင် ပဉ္စ၀ဂ္ဂီ ၅-ဦးနှင့်အတူ
နတ်ဗြဟ္မာ ၁၈-ကုဋေတို့ နာယူကြသည်ဟူ၍ ကျမ်းဂန်၌ ဆိုထားသည်။
ဓမ္မစကြာတရားခေါ် ဓမ္မစကြာသုတ္တန်သည် အလွန်ထူးမြတ်သည်။
ဘုရားရှင်သည် ဘုရားအဖြစ်သို့ ရောက်တော်မူပြီးနောက်
ဦးဦးဖြားဖြား ဟောကြားတော်မူသော တရားဒေသနာတော် ဖြစ်သည်။
ဤဓမ္မစကြာသုတ္တန်ကို ပိဋကတ်ကျမ်းဂန်များ၌
ဓမ္မစက္က ပ၀တ္တန သုတ္တန်ဟူ၍ ခေါ်ဆိုထားသည်။
ဓမ္မစကြာတရားတော်တွင် ရှေးဦးစွာ ၀ဲယာအစွန်း နှစ်ပါးကို
ရှောင်ကြဉ်ရန် ဟောပြောထားသည်။ ၀ဲယာအစွန်းနှစ်ပါး ဟူသည်
ကာမသုခလ္လိကာနုယောဂ တည်းဟူသော
ကာမဂုဏ်ချမ်းသာတို့ကို ခံစားပျော်ပါးခြင်း၊
အတ္တကိလမထာနုယောဂ တည်းဟူသော
မိမိကိုယ်ကို ဒုက္ခပေး၍ ကျင့်ကြံအားထုတ်ခြင်း၊
ယင်း ၂-ပါးတို့ကို ရှောင်ကြဉ်၍ နိဗ္ဗာန်ချမ်းသာ ရရှိရေးအတွက်ကို
“မဇ္ဈိမာပဋိပဒါ အလယ်လမ်းစဉ် ဖြစ်သော မဂ္ဂင်ရှစ်ပါး”ကို
ကျင့်ကြံအားထုတ်ရန် ညွှန်ပြတော်မူသည်။
မဂ္ဂင်ရှစ်ပါး ဟူသည်-
•••••••••••••••••••••••••••••
(၁) သမ္မာ ဒိဋ္ဌိ=ကောင်းမြတ်စင်ကြယ်သော သိမြင်မှု။
(၂) သမ္မာ သင်္ကပ္ပ=ကောင်းမြတ်စင်ကြယ်သော ကြံစည်မှု။
(၃) သမ္မာ ၀ါစာ=ကောင်းမြတ်စင်ကြယ်သော ၀စီကံမှု။
(၄) သမ္မာ ကမ္မန္တ=ကောင်းမြတ်စင်ကြယ်သော ကာယကံမှု။
(၅) သမ္မာ အာဇီဝ=ကောင်းမြတ်စင်ကြယ်သော အသက်မွေးမှု။
(၆) သမ္မာ ၀ါယာမ=ကောင်းမြတ်စင်ကြယ်သော အားထုတ်မှု။
(၇) သမ္မာ သတိ=ကောင်းမြတ်စင်ကြယ်သော အောက်မေ့မှု။
(၈) သမ္မာ သမာဓိ=ကောင်းမြတ်စင်ကြယ်သော တည်ကြည်မှု-တို့ ဖြစ်သည်။
ထို့နောက် ဆက်လက်၍ သစ္စာလေးပါးကို ဟောတော်မူသည်။
သစ္စာလေးပါးကား-
(၁) ဆင်းရဲအမှန်ဟူသော ဒုက္ခသစ္စာ။
(၂) ဆင်းရဲဖြစ်ကြောင်းအမှန်ဟူသော သမုဒယသစ္စာ။
(၃) ဆင်းရဲချုပ်ငြိမ်းရာအမှန်ဟူသော နိရောဓသစ္စာ။
(၄) ဆင်းရဲချုပ်ငြိမ်းရာသို့ ရောက်ကြောင်းအမှန်ဟူသော
မဂ္ဂသစ္စာ-ဟူ၍ ဖြစ်ပါသည်။
ဘုရားရှင်က ဤတရားတို့ကို ပူဇော်မှု၊ ယုံကြည်မှု
သက်သက်မျိုး မဟုတ်ဘဲ ကိုယ်တိုင် ကျင့်ကြံပွားများ
အားထုတ်ရမည်ဟူ၍လည်း ညွှန်ပြထားတော်မူသည်။
ထို့ကြောင့် ကျွန်ုပ်တို့သည် ဤနေ့ထူးနေ့မြတ်ဖြစ်သော
ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် ဓမ္မစကြာတရားတော်ကို
ဆင်ခြင်သုံးသပ်၍ ကိုယ်တိုင် တတ်စွမ်းသမျှ ကျင့်ကြံပွားများ
အားထုတ်သင့်ပေသည်။ အထူးသဖြင့် သစ္စာလေးပါးတွင်
ဒုက္ခသစ္စာကို ပိုင်းခြား၍ သိရမည်။
သမုဒယသစ္စာကို ပယ်ရမည်။
နိရောဓသစ္စာကို မျက်မှောက်ပြု(ဆိုက်ရောက်)ရမည်။
မဂ္ဂသစ္စာကို ပွားများရမည်-ဟူသော အချက် ၄-ချက်ကို
ခန္ဓာဉာဏ်ရောက် နှလုံးသွင်း၍ လေ့လာမှတ်သား ပြုကျင့်သင့်ပေသည်။
-【မင်္ဂလာသတင်းစဉ်

Tuesday 8 July 2014

သီတဂူဆရာတော်ကြီး၏ မိန့်ခွန်း - မြန်မာပြန်(စိန့်ပီတာစဘတ်မြို့ - ရုရှားနိုင်ငံ)



"သီတဂူဆရာတော်ကြီး၏ မိန့်ခွန်း - မြန်မာပြန်"
(စိန့်ပီတာစဘတ်မြို့ - ရုရှားနိုင်ငံ)
ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ရှားရှားပါးပါးကျင်းပခဲလှစွာသော ပထမအကြိမ် အာရှ-ဥရောပနိုင်ငံများဆိုင်ရာ အဆင့်မြင့် ဘာသာရေးနှင့်ယဉ်ကျေးမှု အပြန်အလှန်ဆွေးနွေးပွဲ (ASEM High-Level Conference on Intercultural and Inter-Religious Dialogue) ကို သမိုင်းဝင်ရှေးဟောင်းမြို့တော် စိန့်ပီတာစဘတ်မြို့၌် ၂၀၁၄ခုနှစ်၊ ဂျူလိုင်လ ၃-၄ ရက်နေ့များတွင် စည်ကားခမ်းနားစွာ ကျင်းပခဲ့ရာ နိုင်ငံပေါင်း ၃၅ နိုင်ငံမှ ၀န်ကြီးများ၊ ဘာသာရေးခေါင်းဆောင်ကြီးများ၊ သံအမတ်ကြီးများနှင့် ပညာရှင်များမှ အပြန်အလှန်ဆွေးနွေးမှုများနှင့် ဖတ်ကြားတင်သွင်းမှုပေါင်း ၅၀ ပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံမှ အထူးဘာသာရေးခေါင်းဆောင် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာ အရှင်ဥာဏိဿရ က “ဘာသာရေးသည်ငြိမ်းချမ်းရေးအတွက်” (Religions for Peace) ခေါင်းစဉ်ဖြင့် သြ၀ါဒပေးမြွက်ကြားတော်မူခဲ့ရာ တက်ရောက်လာသည့် ၀န်ကြီးများနှင့် ပရိတ်သတ်အားလုံးမှ သောင်းသောင်းဖျဖျ သာဓုအနုမောဒနာ ပြုခဲ့ကြသည်။
ဆွေးနွေးပွဲကာလမတိုင်မီက ဆရာတော်ကြီး၏မိန့်ကြားချက်ကို အစီအစဉ်အရ ဒုတိယမြောက်နေ့တွင် ထည့်သွင်းခဲ့သော်လည်း ဆရာတော်ကြီး၏ ဘုန်းတန်ခိုး အရှိန်အ၀ါကြောင့် ပထမနေ့ပထမအပိုင်းတွင် မိန့်ကြားမှုပြုလုပ်ရန် ကျေနပ်စွာ ပြောင်းလဲစီစဉ်ခဲ့ကြပါသည်။ ဆရာတော်ကြီး၏ ဘုန်းရှိန်၊ ကံရှိန်၊ ပညာအရှိန်တို့ကြောင့် ဆွေးနွေးပွဲအတွင်းရှိ ဘာသာရေးခေါင်းဆောင်အားလုံးက အားလပ်ချိန်မနား လာရောက် ဂါရ၀ပြုလာကြပါသည်။
ဆွေးနွေးပွဲအပြီး ရုရှားဖက်ဒရေးနိုင်ငံ ယဉ်ကျေးမှု ဒုတိယ၀န်ကြီးမှ လာရောက် ဂါရ၀ပြုတွေ့ဆုံ၍ နှစ်နိုင်ငံ ဘာသာရေးနှင့်ယဉ်ကျေးမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များကို အထူးလျှောက်ထားဆွေးနွေး ခဲ့ကြပါသည်။ ဆရာတော်ကြီးကလည်း ရုရှားနိုင်ငံအတွင်းရှိ ဘာသာရေးခေါင်းဆောင်ကြီး ၃ ဦးအား ယခုနှစ် ဒီဇင်ဘာလ ၁၃-၁၄ ရက်နေ့များတွင် မြန်မာနိုင်ငံတွင် ဆရာတော်ကြီး ဦးဆောင်ကျင်းပမည့် ဘာသာရေးဆိုင်ရာညီလာခံကြီးသို့ ဖိတ်ကြားမှုများ ပြုလုပ်ခဲ့ပါသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ ပြည်ထောင်စုမြန်မာနိုင်ငံ သံအမတ်ကြီး၏ ဇနီးမိသားစုတို့ကလည်း စိန့်ပီတာစဘတ်မြို့အထိ လာရောက်ကာ ဆရာတော်ကြီး၏ ဆွမ်းကွမ်းဝေယျာဝစ္စကိစ္စအရပ်ရပ်များကို သက္ကစ္စမြောက် ဆောင်ရွက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲအပြီး ညနေပိုင်းတွင် စိန့်ပီတာစဘတ်မြို့တွင် ပညာသင်ကြားလျှက်ရှိသော ပညာတော်သင် မြန်မာသင်တန်းသားများအား အထူးဓမ္မသဘင်ပြုလုပ်၍ တရားရေအေး တိုက်ကျွေးတော်မူခဲ့သည်။ ယခုကဲ့သို့ မိမိ၏အသက်တော်၊ ကျန်းမာရေးကိုမျှမထောက် သာသနာ့အကျိုး၊ နိုင်ငံအကျိုးအတွက် နိုင်ငံရပ်ခြားတိုင်းတပါးသို့ လာရောက်ချီးမြှင့်ပေးပါသော သာသနာ့ဂုဏ်ဆောင် ဆရာတော်ကြီးအား မော်စကိုမြို့သံအမတ်ကြီးမိသားစုနှင့် ပညာတော်သင် သင်တန်းသားများအားလုံးမှ မြန်မာနိုင်ငံသူနိုင်ငံသားနှင့် ထေရ၀ါဒဗုဒ္ဓဘာသာဝင်အားလုံးတို့၏ ကိုယ်စား အထူးပင်လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်ဘုရား။
ဆရာတော်ကြီး၏မိန့်ကြားချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ဘာသာရေးသည် ငြိမ်းချမ်းရေးအတွက်
တရားချစ်ခင် သူတော်စင် အပေါင်းတို့ …...........
ဤမျှကြီးကျယ်ခမ်းနားသော ဂုဏ်သရေရှိ လူကြီးမင်းများ၏ အစည်းအဝေးကြီးမှာ ပါဝင်ခွင့် စကားပြောခွင့်ရတဲ့အတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ပါတယ်။
အထူးအားဖြင့် သမိုင်းအမွေအနှစ်နှင့် ယဉ်ကျေးမှု အမွေအနှစ်တို့၏စုဝေးရာ ရုရှားနိုင်ငံရဲ့ ရှေးဟောင်းမြို့တော် စိန့်ပီတာစဘတ်မြို့က သမ္မတ ဗောရစ်ရဲ့လ်ဆင့် အထိမ်းအမှတ် စာကြည့်တိုက်ကြီးမှာ နိုင်ငံပေါင်း (၃၅) နိုင်ငံမှ ၀န်ကြီးများ၊ သံအမတ်ကြီးများ၊ ဘာသာရေး (၅) ခုမှ ဘာသာရေးခေါင်းဆောင်များရဲ့ အစည်းအဝေးကြီးမှာ ဘာသာရေးနှင့် ယဉ်ကျေးမှု မတူကွဲပြားကြစေကာမူ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးအကြောင်း စကားပြောခွင့်ရလို့ မြန်မာဗုဒ္ဓဘာသာ ဘုန်းတော်ကြီးပေါင်း (၅) သိန်းကျော်တို့ကိုယ်စား အထူးပင် ဂုဏ်ယူဝမ်းမြောက် ရပါကြောင်းနှင့် ဤမျှကြီးကျယ်ခမ်းနားသော အစည်းအဝေးကြီးအတွက် စိတ်အားထက်သန်စွာဆောင်ရွက်ကြသော ရုရှားအစိုးရ ယဉ်ကျေးမှုဝန်ကြီးဌာန ၀န်ကြီးနှင့် ၀န်ထမ်းများအားလုံးကို အထူးပင်ကျေးဇူးတင် ဂုဏ်ပြုချီးကျူးရပါကြောင်း လှိုက်လှဲစွာ ပြောကြားပါရစေ။
ဒီကနေ့ ကျွန်ုပ်တို့တတွေဟာ နိုင်ငံရေးစနစ် စီးပွားရေးစနစ်နှင့် ယဉ်ကျေးမှု ကိုးကွယ်သည့် ဘာသာစသည်ဖြင့် မတူကွဲပြားခြားနားသော ကမ္ဘာကြီးမှာ နေထိုင်နေကြရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မတူညီနိုင်သောအချက်အလက်တွေကို ငြင်းခုံ၍မနေကြဘဲ တူညီသောအချက်ပေါ်မှာ ငြိမ်းချမ်းစွာ လက်တွဲသွားကြဘို့ဖြစ်ပါတယ်။
မေတ္တာဖြင့် လက်တွဲ
အာဖရိကသားတစ်ယောက်နှင့် တရုတ်ပြည်သူတစ်ယောက် ပေါင်းသင်းနေထိုင်ကြရာမှာ သူတို့နှစ်ယောက် အသားအရောင်ပေါ်မှာ ငြင်းခုံခြင်းမပြုကြလို့ “မေတ္တာသာ ပဓာန”
စိတ်ထားနိုင်ကြလို့ Love ဆိုတဲ့ Common Platform ပေါ်မှာ လက်တွဲပြီး ဘ၀ခရီး လျှောက်နိုင်ကြတာပေါ့။
ဤယနေ့ကမ္ဘာမှာ အမျိုးမျိုးကွဲပြားနေကြသော လူသားတွေမှာ အမျိုးမျိုးကွဲပြားခြားနားသော ပြဿနာများနှင့် အမျိုးမျိုးကွဲပြားခြားနားသော သဘောထားအတွေးအခေါ် အယူအဆခံယူချက်တွေ ရှိနေကြမှာပေါ့။ ဒါပေမယ့် “ပြဿနာတွေရှိတယ်” ဆိုတဲ့နေရာမှာ အားလုံးတူတယ်။ အဖြေရှာနေကြတယ်ဆိုတဲ့ အချက်မှာလဲအားလုံးတူတယ်။ ဒါပေမဲ့ ဒီလူ့ဘ၀ပြဿနာတွေရဲ့ အပြီးသတ်အဖြေဆိုတာ တကယ်ရှိလိမ့်မယ်မဟုတ်ဘူး။ ဒါကြောင့် “ကွဲပြားခြင်းထဲမှာ ညီညွတ်ခြင်း” ရှိတယ် (Unity in Diversity) ဆိုတဲ့အချက်ကို ကျွန်ုပ်တို့ လက်ခံရလိမ့်မယ်။
ဥပမာ ကုန်းမြေပေါ်မှာ မြစ်တွေဟာ အမည်အမျိုးမျိုးကွဲနေပါတယ်။ သိမ်းမြစ်၊ ရိုင်းမြစ်၊ နိုင်းမြစ်၊ ဗော်လဂါမြစ်၊ ဂင်္ဂါမြစ်၊ ဧရာဝတီ စသည်ပေါ့။ အဲဒီလို ကွဲပြားနေတဲ့ အမည်တွေထဲမှာ ရေကိုမြင်အောင်ကြည့်လိုက်လျှင် ကွဲပြားခြင်းထဲက တူညီခြင်းကိုရပါတယ်။ ဒါမှသာ တူညီမှုတို့ကို စုစည်းနိုင်မှသာ အားလုံးလက်ခံနိုင်မဲ့လမ်းကြောင်းတစ်ခုကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။
Common Platform တည်ဆောက်နိုင်မှလဲ ပြဿနာအားလုံးကို ဖြေရှင်းနိုင်ပြီး၊
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးတို့ကို ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
ဤမျှလောက် များပြားသော ဘာသာရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေး၊ လူမျိုးရေး ခေါင်းဆောင်တွေဟာ ဘာသာရေး တစ်ခုနှင့်တစ်ခုအကြား ယဉ်ကျေးမှု တစ်ခုနှင့်တစ်ခုအကြား ပေါင်းကူးတံတားများ တည်ဆောက်နိုင်ကြမည်ဆိုလျှင်၊ ကျွန်ုပ်ယုံကြည်ပါတယ်။ ကျွန်ုပ်တို့ လူသားအချင်းချင်း ပို၍ကောင်းမွန်သော နားလည်မှု၊ ယုံကြည်စိတ်ချမှုတွေ ရရှိကြပါလိမ့်မယ်။ ထို့ပြင် ပဋိပက္ခတွေကို ရှောင်ရှားပြီး စိတ်ဓာတ်တင်းမာမှုတွေလဲ လျှော့ပါးသွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။
ပေါင်းကူးတံတားတည်ဆောက်ခြင်း
ကျွန်ုပ်စွဲမြဲစွာ ယုံကြည်တယ်။ တံတားတစ်ခုဆောက်ထားလျှင် လမ်းကြောင်းနှစ်ဘက်က သူတွေဟာ ဒီတံတားပေါ်မှာ ဖြတ်လျှောက်ကြတော့ တံတားပေါ်မှာ ဆုံတွေ့ကြမှာပါ။ ရှောင်လို့မရတော့ပါဘူး။ အတူတကွဆုံတွေ့ကြရာမှာ အတူတကွအလုပ်ဖြစ်သွားကြမှာပါ။ ရေစီးကြမ်းတဲ့မြစ်ချောင်းကို ကျော်ဖြတ်ခြင်းဆိုတဲ့ ကိစ္စဟာ လမ်းကြောင်းတစ်ဘက်စီက လာပြီး လမ်းကြောင်းတစ်ဘက်ဆီသို့ သွားကြကုန်သော လူသားတို့၏ ဘုံဆိုင်ပန်းတိုင် (Common Goal) ပါပဲ။
ကွဲပြားခြင်းကို ညှိုနှိုင်းအဖြေရှာခြင်းဟာ ကျွန်ုပ်တို့အတွက် မင်္ဂလာတစ်ပါးလို့ ကျွန်ုပ်ယုံကြည်ပါတယ်။ Common Bridge ဘုံဆိုင်တံတားတစ်ခု တည်ဆောက် ပေးနိုင်လျှင် ကွဲပြားသော အယူအဆကို တူညီသော အယူအဆအဖြစ် လမ်းကြောင်းပြောင်းပေးနိုင်ရုံမျှမက ငြိမ်းငြိမ်းချမ်းချမ်းလုံလုံခြုံခြုံ လက်တွဲနေထိုင်ရေးကိုပါ တည်ဆောက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်ပါတယ်။
ကိုယ့်လမ်းကိုယ် လျှောက်ရင်း မလွဲမသွေ ဆုံတွေ့ရမည့် ဘုံဆိုင်တံတား
(Common Bridge) တစ်ခုသာ တည်ဆောက်နိုင်လျှင် စစ်နှင့်ပဋိပက္ခတွေကို
ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအသွင် ပြောင်းနိုင်လိမ့်မည်ဆိုတာ သာမန်အတွေးအမြင်ရှိသူတို့ပင်လျှင် နားလည်နိုင်ပါတယ်။
တကယ့်အောင်နိုင်သူ အစစ်
နောက်တစ်ခုပြောချင်တာက လူတစ်မျိုးက အခြားလူတစ်မျိုးကို အနိုင်တိုက်ခိုက်နေကြမည့်အစား မိမိတို့ကိုယ်ကိုမိမိတို့ တိုက်ဘို့အောင်မြင်ဘို့ ရှေးဦးစွာ အားထုတ်သင့်ပါတယ်။ စစ်ပွဲတစ်ရာမှာ လူပေါင်းတစ်ထောင်ကို အနိုင်ရခြင်းထက် မိမိကိုယ်ကို မိမိအနိုင်တိုက်ခြင်းက တကယ်တိုက်သူနိုင်သူ အောင်မြင်သူဖြစ်ပါတယ်။ ကျွန်ုပ်တို့ကိုယ်ထဲမှာ ပြည့်နှက်နေတဲ့ မနာလိုခြင်း၊ ရန်လိုခြင်း၊ မုန်းတီးခြင်း၊ မိုက်မဲခြင်း၊ အလိုကြီးခြင်း၊ တယူသန်ခြင်း၊ တဘက်သတ်အနိုင်ကျင့်ခြင်း၊ သူတစ်ပါးကို အပုတ်ချခြင်း၊ အစွန်းရောက်ခြင်းတို့ရဲ့ နေရာတွေမှာ မေတ္တာ၊ ကရုဏာ၊ ခန္တီ၊ ပညာ၊ သစ္စာ၊ မဇ္စျိမ ပဋိပဒါတရားတွေနဲ့ အစားထိုးရမှာဖြစ်ပါတယ်။ သို့မှသာ အောင်မြင်သူအစစ် တကယ်ဖြစ်မှာပါ။ ထိုမှတဆင့် တကမ္ဘာလုံးမှာပြန့်ပွားနေတဲ့ တဘက်သတ် တယူသန် အစွန်းရောက်ဝါဒတွေကို ချေမှုန်းနိုင်မှာဖြစ်ပါတယ်။
အမှောင်ထဲမှာ လျှောက်နေသူများအတွက်
သို့သော် ကျွန်ုပ်တို့တတွေဟာ ကျွန်ုပ်တို့ရဲ့ ပါပကမ္မ၊ ပါပ၀ါစာ၊ ပါပသင်္ကပ္ပ တွေကို မလျှော့နိုင်မပယ်နိုင်သေးသမျှကာလပါတ်လုံး ကျွန်ုပ်တို့တတွေဟာ အမှောင်ကြနေတဲ့ ကမ္ဘာကြီးထဲက မထွက်မြောက်နိုင်သေးဘူး ဆိုတဲ့အချက်ကို သတိရ သတိပြုသင့်ပေသည်။ ယနေ့ ကျွန်ုပ်တို့တတွေဟာ ဒုစရိုက် အမှောင်ကျနေတဲ့ကမ္ဘာထဲမှာ စမ်းတ၀ါးဝါးနဲ့ လမ်းသွားနေကြရသလိုပါပဲ။ သောကနှင့် ဒုက္ခ ပင်လယ်မှာ လက်ပစ်ကူးနေကြရသလိုပါပဲ။
တရားချစ်ခင်သူတော်စင်အပေါင်းတို့ - အမှောင်ရှိလျှင်အလင်းဆိုတာ ရှိပါတယ်။ အမှောင်ထဲက လူတွေအတွက် အလင်းရောင်ဟာ တကယ်ပဲ လိုအပ်ပါတယ်။ အမှောင်နှင့်အလင်း ဟာ ဆန့်ကျင်ဘက်ပါ။ အလင်းရောင်လာလျှင် အမှောင်က ပျောက်ကွယ်သွားတာပါပဲ။ အမှောင်နဲ့ အလင်းဟာ လက်တွဲမနေနိုင်ပါဘူး။ ဒါကြောင့် စိတ်ထားယုတ်မာခြင်းတည်းဟူသော အမှောင်ထဲမှာကျနေတဲ့ ကမ္ဘာထဲသို့ သူတော်ကောင်းတရား အလင်းရောင်တွေကို ပို့လွှတ်လိုက်ကြပါစို့။ မီးလောင်လျှင် ရေဆိုတာ တကယ်လိုအပ်တဲ့အရာဝတ္ထုပါပဲ။ ကိလေသာ မီးလောင်နေတဲ့ကမ္ဘာမှာ ဓမ္မ ရေစင်ရေအေး သွန်းလောင်းကြပါစို့။
တစ်ကမ္ဘာလုံးကန်းနေသည် ဓမ္မမျက်လုံး လိုနေသည်
တရားချစ်ခင်သူတော်စင်အပေါင်းတို့ - ယနေ့ ကျွန်ုပ်တို့ နေထိုင်ရာ ကမ္ဘာကြီးမှာ ဆူပူခြင်း၊ သောင်းကျန်းခြင်း၊ အကြမ်းဖက်ခြင်း၊ အနိုင်ယူခြင်း၊ အစွဲအလန်းကြီးခြင်း၊ တယူသန်တဘက်သတ်ကျခြင်း၊ စိုးရိမ်ပူဆွေးခြင်း၊ လုံခြုံမှုမရှိခြင်းစတဲ့ အမှောင်ထုကြီး ကျရောက်နေပါတယ်။ ဒီအမှောင်ထုကြီးကို ဓမ္မအလင်းရောင်ဖြင့်အစားထိုးဘို့ လိုပါတယ်။
မြတ်ဗုဒ္ဓ၏ မိန့်ကြားချက်များရှိပါတယ်။ “တစ်ကမ္ဘာလုံး ကန်းနေတယ်။ ဓမ္မ မျက်လုံးပေးရမယ်။ တစ်ကမ္ဘာလုံး တုန်လှုပ်နေတယ် ဓမ္မနဲ့ထိန်း၇မယ်။ တစ်ကမ္ဘာလုံး အတွင်းအပြင်လောင်နေတယ် ဓမ္မနဲ့ ငြိမ်းသတ်ရမယ်။ အာဏာမက်မောမှုနှင့် သစ္စာတရားမျက်နှာလွဲမှုတို့ကြောင့် ကမ္ဘာကြီးဟာ သွေးစက်တွေစွန်းထင်နေပြီ။ အရိယ သစ္စာသည် ကမ္ဘာ့လက်ဟောင်းတရား။ ကမ္ဘာကြီးကိုသင်ကြားဘို့ သစ္စာတရားမှတပါး အခြားမရှိပြီ။ သစ္စာဟူသည် လူသားတိုင်း၏ ကိုယ်တွင်းမှာ ရှိသည်။ ကမ္ဘာကြီး၏ ငြိမ်းချမ်းရေး သန္တိကို သစ္စာနှင့် တည်ဆောက်ရမည်။ သစ္စာကို ဖုံးကွယ်ထားသမျှ ဘ၀ ပြဿနာအားလုံး ပြေလည်မှုမရနိုင်။” စသည်ဖြင့် ဟောတော်မူထားပါတယ်။
ကမ္ဘာ့ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် လုံခြုံရေးတို့ဟာ အရေးတကြီးလိုအပ်နေပါတယ်။ ဒီလိုအပ်ချက်သည် နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေး ခေါင်းဆောင်အားလုံးကို အလွန်စိန်ခေါ်နေသော အချက်ဖြစ်ပါတယ်။ ခေါင်းဆောင်အားလုံး ဤစိန်ခေါ်ချက်ကို လက်ခံရင်ဆိုင်ဖြေရှင်းရန် တာဝန်ရှိပါတယ်။
ဘာသာတရားတိုင်းရဲ့ အကာနှင့် အနှစ်
တရားချစ်ခင်သူတော်စင်အပေါင်းတို့ - လူတို့ ကိုးကွယ်ရာ ဘာသာတရားတိုင်းမှာ အပြင်အကာနှင့် အတွင်းအနှစ်သာရ ဟူ၍ နှစ်မျိုးရှိပါတယ်။ ယုံကြည်ခြင်း (ဥာဏ်ပညာမပါဘဲ)၊ ကိုးကွယ်ခြင်း၊ ပူဇော်ပသခြင်း၊ ရွတ်ဘတ်ခြင်း၊ ဆုတောင်းခြင်း၊ အခမ်းအနားပွဲလမ်းကျင်းပခြင်း စသည်တို့ဟာ ဘာသာတရားတိုင်းရဲ့အပေါ်က ဖုံးနေတဲ့ အကာတွေဖြစ်ပါတယ်။ အဲဒီအကာ (Outer Shell of Religions) တွေဟာ ဘာသာတရားတစ်ခုနဲ့တစ်ခုကို မတူကွဲပြားခြားနားစေကြပါတယ်။ သို့သော် ဘာသာတရားအားလုံး တညီတညွတ်ထဲလက်ခံနိုင်တဲ့ အနှစ်သာရ ရှိပါတယ်။ အဲဒီ Common Core ဆိုတာဟာ ဒါန၊ သီလ၊ သမာဓိ၊ ပညာ၊ ခန္တီ၊ မေတ္တာ၊ ကရုဏာ၊ သန့်ရှင်းသောစိတ်ထားနှင့် သစ္စာတရားတို့ဖြစ်ကြပါတယ်။ လူသားအများစုဟာ သူတို့ကိုးကွယ်နေတဲ့ ဘာသာတရားတွေရဲ့ အနှစ်သာရကို သူတို့ကိုယ်တိုင် ထိထိမိမိ မသိကြပါဘူး။ ဘာသာဝင်လူသားတွေဟာ ဘာသာတရားတိုင်း၏ အနှစ်သာရနှင့် တကယ်ဆိုလိုတဲ့ အနက်အဓိပ္ပါယ်ကို သိဘို့လိုပါတယ်။ ဘာသာရေး ပဋိပက္ခဖြစ်ခြင်းရဲ့အကြောင်းရင်းဟာ တဘတ်သတ် တယူသန် အစွန်းရောက်ခြင်းအပြင် Religion၏အနှစ်သာရကို တကယ်မသိခြင်းသည် အဓိကကျသော အချက်တချက် ဖြစ်ပေသည်။
သို့ဖြစ်ပါသောကြောင့် ယနေ့ ကျွန်ုပ်တို့ ဘာသာရေးခေါင်းဆောင်များအားလုံး ဤအချက်ကို ကောင်းစွာသတိပြု၍ မိမိတို့ကိုးကွယ်ရာဘာသာတရား အသီးသီး၏ ဘာသာဝင်လူသားများကို Common Core of Religion ကို အလေးအနက်သင်ကြား ပို့ချပေးကြဘို့ တိုက်တွန်းလိုပါတယ်။ ဘာသာရေး အနှစ်သာရကို အတွင်းကျကျ မသင်နိုင်တောင်မှ အပေါ်ယံလောက်သင်ပေးနိုင်လျှင် ဘာသာရေး အနှစ်သာရနားလည်သော လူသားတွေဟာ နေ့စဉ်ကြုံတွေ့နေရတဲ့ ဘာသာရေး ပဋိပက္ခနှင့် ဘာသာရေးအကြမ်းဖက်မှုတွေကို လျော့ကျသွားအောင်၊ လျှော့ပါးသွားအောင်၊ ကြီးထွားသွားမည်ကို သေးငယ်သွားအောင် စွမ်းဆောင်နိုင်ကြလိမ့်မည်လို့ မျှော်လင့်ပါတယ်။
ဘာသာတရားရှိတဲ့ လူသားတွေဟာ ဘာသာရေး၏ အနှစ်သာရရောက်အောင်
မသင်ကြား မလေ့ကျင့်ဘဲ အပေါ်ယံ အကာမျှဖြင့် ရောင့်ရဲတင်းတိမ်မနေကြဘို့၊ ဘာသာရေး၏ အနှစ်သာရသည် လူသားတို့၏ နှလုံးစိတ်ဝမ်းငြိမ်းချမ်းရေးအတွက် လူသားတို့၏ ကမ္ဘာကြီးတည်ငြိမ်ရေးအတွက် တကယ်ဖြစ်တယ်ဆိုတာကိုသိအောင် သိဘို့နှင့် ကျင့်ဘို့ ဒီကနေ့ ဒီနေရာက တိုက်တွန်းပါသည်။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားဖြင့် အခြားဘာသာတရားကို တိုက်ခိုက်ခြင်း၊ ရှုတ်ချခြင်း မပြုသင့်ပါ။ မိမိတို့ ကိုးကွယ်ရာ ဘာသာတရားတခုခုဖြင့် အခြားလူတို့ ကိုးကွယ်ရာ ဘာသာတရားတခုကို ထိခိုက်ပုတ်ခတ်ရှုတ်ချမှုသည် မိမိကိုယ်တိုင် မိမိကိုးကွယ်ရာ ဘာသာတရားကို ပြန်လည်ပုတ်ခတ်ပြီးရှုတ်ချပြီး ဖြစ်နေလိမ့်မည်။ မြတ်ဗုဒ္ဓ၏ လက်ထက်တော်ကာလက ကိုးကွယ်ရာ အမျိုးမျိုးရှိကြသော လူတို့သည် ဗုဒ္ဓရှင်တော်ကို ချဉ်းကပ်လာသောအခါ “ဟေ့ - မတူကွဲပြားတဲ့အပေါ်မှာ မဆွေးနွေးကြစို့နဲ့၊ တူညီတဲ့ အပေါ်မှာဆွေးနွေးပါစို့။ တို့ သဘောတူတဲ့အပေါ်မှာ ဆွေးနွေးပြီး အနှစ်သာရထုတ်ယူကြပါစို့” - ဟူ၍ ဗုဒ္ဓရှင်တော် မိန့်ဖူးပါသည်။ ဒါ့ကြောင့် သဘောမတူနိုင်တဲ့ အချက်တွေကို ပြောဆိုနေကြပြီး ငြင်းခုံနေကြခြင်းဖြင့် ဘာအကျိုးရှိအံ့နည်း?
နိဂုံးချုပ်
တရားချစ်ခင်သူတော်စင်အပေါင်းတို့ -
• ရန်ငြိုးဖွဲ့ခြင်း ကို မေတ္တာဖြင့် ဖြေရှင်းရ၏။
• အကြမ်းဘက်ခြင်း ကို သည်းခံခြင်း၊ ခွင့်လွှတ်ခြင်းဖြင့် ဖြေရှင်းရာ၏။
• ဒေါသ ကို ဒေါသနှင့် တုံ့ပြန်ခြင်းဖြင့် မငြိမ်းချမ်းနိုင်။
• အကြမ်းဘက်ခြင်း ကို အကြမ်းမဘက်ခြင်းဖြင့်သာ ငြိမ်းစေနိုင်၏။
• အကြမ်းဘက်ခြင်းကိုအကြမ်းနည်းနှင့် ဖြေရှင်းခြင်းသည် ပို၍ကြမ်းတမ်းလာစေ၏။
• မုန်းတီးခြင်း ကို မေတ္တာဖြင့် ချုပ်ငြိမ်းစေရာ၏။
• ဤသည်တို့ကား ဘာသာရေး မပေါ်မီကပင်ရှိခဲ့သော ကမ္ဘာဦးတရား၊ ဘာသာတရားအားလုံးတို့၏ Common Core ဖြစ်သည်။
• ဤသည်ကား ဓမ္မ . . . ဓမ္မ ဟူသည် သစ္စာတရား။
• ဗုဒ္ဓ၊ ဟိန္ဒူ၊ ဂျိန်း၊ ဂျူး၊ ခရစ်ယာန်၊ အစ္စလာမ်၊ ဆစ် မည်သည့်ဘာသာမှာမဆို ဤသို့ မွန်မြတ်စွာသော သစ္စာတရားတို့ရှိပါသည်။
To understand the Truth is our common solution of our common problems. (သစ္စာတရားကို နားလည်ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့ ဘ၀ပြဿနာအားလုံး၏ အဖြေဖြစ်ပါတယ်။)
သစ္စာ ဟူသည် ကျွန်ုပ် တို့ ကိုယ် မှာ ရှိပါသည်။ ထို့ကြောင့် သစ္စာကိုသိလျှင် သန္တိ ဟူသော ငြိမ်းချမ်းရေး ကိုလည်း ကိုယ်တွင်းမှာ တွေ့ရမည်။ ကိုယ်တွင်းမှာ တွေ့ရသော သစ္စာတရားနှင့် သန္တိတရားတို့ကို အပြင်ကမ္ဘာသို့ ဖြန့်ချီကြပါစို့။ သစ္စာတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ။ ကျွန်ုပ်တို့ နေရာဤကမ္ဘာ ငြိမ်းချမ်းသာယာရှိကြပါစေ။
သီတဂူဆရာတော်



 
သီတဂူဆရာတော်
အဆင့်မြင့် ဘာသာရေးနှင့်ယဉ်ကျေးမှု အပြန်အလှန် ဆွေးနွေးပွဲ
ဗောရစ်ယဲလ်ဆင် ခန်းမဆောင်
စိန့် ပီတာစဘတ်မြို့၊ ရုရှားနိုင်ငံ။
၂၀၁၄၊ ဇူလိုင်လ၊ ၃ ရက်။
Posted by သီတဂူစတား & Tar Yar

Saturday 5 July 2014

How does Fuel Cell work ?

This video lecture will give you a perfect introduction to Fuel cell technology. Here working and physics behind fuel cell technology (PEM) is explained with help of elaborated animation.

PEM Fuel Cell: How it works 

 


A short animation to explain how a Proton Exchange Membrane Fuel Cell (PEMFC) works.

Thursday 3 July 2014

အကောင်းဆုံး အလုပ်အင်တာဗျုး ဖြေနည်း



အကောင်းဆုံး အလုပ်အင်တာဗျုး ဖြေနည်း
=============================

ကိုယ့်စိတ်ကြိုက်လျှောက်ထားတဲ့ အလုပ်က အင်တာဗျူးခေါ် ပြီဆိုရင်..၀မ်းသာကြပေတော့။ အလုပ်ရဖို့ တ၀က်သေချာပြီ။အလုပ်ခန့် မယ့်သူက သူ့ စိတ်ထဲမှာ အလုပ်နဲ့  သင့် တော်မယ်လို့ မထင်ရင် အချိန်ကုန် ခံပြီး မေးမြန်းနေမှာမဟုတ်ဘူး။အဲဒီတော့ ကိုယ့် ဖက်က လုပ်ရမှာက..အင်တာဗျုးအတွက် အစွမ်းကုန် ပြင်ဆင်ရမှာ။ Prepare, Prepare, Prepare ပေါ့ ။ ဒီအဆင့် ကို ကောင်းကောင်းကျော်ရင်.. ကိုယ်လို ချင်တဲ့ အလုပ်ရပြီ။
အဲဒီတော့ ဘယ်လိုပြင်ဆင်ရမလဲ…
အင်တာဗျုးမဖြေခင်မှာရော၊ဖြေမယ့်အချိန်၊ဖြေပြီးတဲ့ အချိန်မှာရော...လုပ်ရမှာတွေ၊ပြင်ဆင်ရမှာတွေ တော်တော်များများရှိတယ်။ ပြည်တွင်းရော၊နိုင်ငံတကာ အလုပ်တွေမှာပါ ပြင်ဆင်ရမှာတွေကတော့  အတူတူပါပဲ။
(၂)
အင်တာဗျူးမဖြေခင်ဘာတွေ ပြင်ရမလဲ..
အင်တာဗျူးမဖြေခင် လုပ်ရမဲ့ အလုပ် ၂ခု ရှိတယ်။
ပထမလုပ်ရမှာ က…ကိုယ်လုပ်မယ့် ကုမ္ပဏီ၊အဖွဲ့ အစည်း၊ဌာန အကြောင်းသိအောင်လုပ်ရမှာ။ သူတို့ က ဘယ်လို အဖွဲ့ အစည်း၊ဘယ်လို အလုပ်တွေလုပ်နေတယ်ဆိုတာပေါ့။ ဒါတွေကိုတော့  သူတို့ အဖွဲ့ အစည်းအကြောင်း ရေးထားတဲ့ ကြော်ငြာတွေ၊Website တွေကနေသိနိုင်တယ်။ သူတို့ ဆီမှာ လုပ်နေတဲ့ သူတွေ ဆီကလဲ သိအောင်လုပ်နိင်တယ်။ ဒီအချက်မှာ နောက်ပိုင်းပြောမယ့် အင်တာဗျူးအတွက် မေးခွန်း တွေပြင်တဲ့ နေရာမှာ တော်တော် အသုံးဝင်တယ်။
ပြီးတော့ ..ကိုယ်လုပ်ရမှာက ဘယ်အပို်င်း၊ ဘယ်ဌာန။ကိုယ့် တာဝန်ကဘာဆိုတာ …သေချာလေ့လာရမှာ။ ဒါအတွက် ကတော့ ..အရင်ဆောင်းပါး မှာ ပြောခဲ့ သလို အလုပ် ကြော်ငြာစာ မှာပါတဲ့ Job description နဲ့ requirement ကနေ သိနိင်တယ်။ ဖြစ်နိုင်လို့ ..သူတို့ ဆီမှာ လုပ်နေတဲ့ သူတွေဆီ ကသိနိုင်ရင် ပိုအသေးစိတ်သိရတာပေါ့ ။ ဒီဟာကလဲ အင်တာဗျုး မေးခွန်းတွေအတွက် ပြင်တဲ့ နေရာမှာ တော်တော်အသုံးဝင်တာတွေ့ လိမ့်မယ်။ သေချာလေ့လာပါ။
ဒါတွေလေ့လာပြီးပြီ၊ သိပြီဆိုရင်..နောက်လုပ်ရမှာက..အင်တာဗျူးမှာ မေးနိုင်တဲ့ မေးခွန်းတွေအတွက် ပြင်ဆင်ရမှာ။ အင်တာဗျုးတော်တော်များများမှာ..ဒီလို မေးခွန်းတွေပဲ မေးတတ်တာဆိုတော့.. တခါပြင်ထားရင်.. နောက်အလုပ်တွေလျှောက်လို့ အင်တာဗျုးတွေဖြေရရင်လဲ. သိပ်ပြင်စရာမလိုတော့ ဘူးပေါ့။ လျှောက်တဲ့ အလုပ်နဲ့ ကိုက်အောင် နဲနဲ ပြောင်းသင့်တာ ပြောင်းလိုက်ယုံပဲ။ဒါကြောင့် ပထမတစ်ခါ မှာ သေချာပြင်ဆင်ပါ။
အင်တာဗျုးမှာ ဘယ်လို မေးခွန်းတွေမေးတတ်သလဲ။
အင်တာဗျှုးတော်တော်များများမှာ အောက်က မေးခွန်း ၇ မျိုး ကို မေးလေ့ရှိတာတွေ့ ရတယ်။
(၁)မင်းအကြောင်းပြောပြပါ။
(၂)မင်းရဲ့ အရင်အလုပ်ကအတွေ့ အကြုံ အကြောင်းပြောပြပါ။
(၃)အဲဒီ အရင်အလုပ်တုန်းက..အောင်မြင်မှု တွေရှိခဲ့ ရင် ပြောပြပါ။
(၄)ဘာကြောင့် အရင်အလုပ်က ထွက်ချင်တာလဲ။
(၅)ဘာ့ကြောင့့်တို့ ရဲ့ အလုပ်မှာ လုပ်ချင်တာလဲ။
(၆)မင်းနဲ့ အားသာချက်၊အားနဲ ချက်တွေက ဘာလဲ။
(၇)မင်းအနေနဲ့ ဘာတွေသိချင်တာတွေ၊မေးစရာတွေ ရှိသလဲ။
(၇)လစာ ဘယ်လောက်မျှော်လင့်သလဲ။
အဲဒီမေးခွန်းတွေ အတွက် ပြင်ဆင်တဲ့အခါ အရေးအကြီးတချက်ကို စိတ်ထဲမှာ စွဲစွဲမြဲမြဲ မှတ်ထားစေချင်တယ်။အဲဒါကတော့ အတွေ့ အကြုံတွေ၊အရည်အချင်းတွေ ကို စဉ်းစားရင် အခုအင်တာဗျူးဖြေမယ့် အလုပ်နဲ့ သက်ဆိုင်တာကိုပဲ စဉ်းစားထား၊ ပြောဖို့ ပြင်ဆင်ထားပါ။ ဘာလို့ လဲဆိုတော့ ..အလုပ်ခန့် မယ့် သူ က သူ့ အလုပ်နဲ့  ကိုက်ညီတဲ့သူကိုပဲ စဉ်းစားမှာ။ကိုယ့် မှာ အရည်အချင်း၊အတွေ့ အကြုံတွေ ဘယ်လောက်ပဲ ရှိရှိ သူ့  အလုပ်နဲ့  မသက်ဆိုင်တာတွေ ဆိုရင် ဘယ်စိတ်ဝင်စားပါ့ မလဲ။ ဒါကြောင့် သူတို့ နေရာကနေ..ကိုယ်ဝင်တွေးပြီး မေးခွန်းတွေ ပြင်ဆင်ရမှာ။
(၃)
ကဲ..မေးခွန်းတခုချင်းအတွက် ပြင်ကြရအောင်။
အင်တာဗျုးမေးတဲ့ သူက..ပထမဆုံး ..စကားစမြည်လေးနဲနဲ ပြောလိမ့်မယ်။ပြီးရင်..စမေးလေ့ ရှိတာက..
(၁)ကဲ..မင်းအကြောင်းလေးပြောပြစမ်းပါ..လို့ ။ အဲဒီမေးခွန်းအတွက်..ကိုယ့် အကြောင်းကို ဘယ်က စပြောမယ်။အင်တာဗျုးခေါ်တဲ့  အလုပ်နဲ့ လျှော်ညီအောင်ဘယ်လောက်တော့ ပြောမယ်ဆိုတာ စဉ်းစားထား၊ပြင်ဆင်လေ့ကျင့် ထားပါ။ တချို့ တွေ့ ဘူးတယ်..ကိုယ့် အကြောင်းပြောတာတောင်မှ ပြင်ဆင်မထားတော့ ..အဲ..အား..နဲ့ ..ခွေး’အ’ ကြီး လှည်းနင်း ခံရသလို ..အစီအစဉ် မကျဘူး။ဒါနဲ့ ပဲ .. ရှေ့ဆက်မေးမှာတွေအတွက် ကိုယ့် အပေါ် အထင်အမြင်က မကောင်းတော့ ဘူး။
(၂) နောက်မေးခွန်း က…မင်းရဲ့ အရင်အလုပ်ကအတွေ့ အကြုံ အကြောင်းပြောပြပါ လို့ ။ အလုပ်ခန့် မဲ့ သူက အရင်အလုပ်တုန်းက ဘာအတွေ့ အကြုံတွေရှိတယ်။ဒီအတွေ့ အကြုံတွေကို အခု လျှောက်တဲ့ အလုပ်မှာ ဘယ်လို အသုံးဝင်တယ်ဆိုတာ..သိချင်တယ်လေ။ အစကပြောခဲ့ သလို ပဲ အလုပ်ကြော်ငြာစာမှာပါတဲ့  Job description နဲ့ requirement တွေကိုသေချာဖတ်ပြီး .. ကိုယ့် အရင်ကအတွေ့ အကြုံတွေ အများကြီးထဲက အခု အလုပ်နဲ့ သင့်တော်တာကို စဉ်းစား၊ပြင်ဆင်ထားပါ။
ဘွဲ့ ရကာစလူငယ်တွေ အတွက်ပြောချင်တာက..အရင်အလုပ်အတွေ့ အကြုံ မရှိလဲ တချို့ ကျောင်းတက်တုန်းကတွေ့ ကြုံရတာတွေဟာ အခု အင်တာဗျူး ခေါ်တဲ့  အလုပ်နဲ့ ကိုက်ညီတယ်ဆိုရင် .အတွေ့အကြုံ အဖြစ် ပြောပြရမှာ။ ဥပမာ..ကုန်တိုက်မှာ..အရောင်းဝန်ထမ်းလျှောက်တယ်ဆိုပါတော့ ..ကျောင်းအားတုန်း..အိမ်က ဈေးဆိုင်မှာ ကူ ရောင်းခဲ့ဘူးတယ် ဆိုရင် Customer relation ဖောက်သည်နဲ့  ဆက်ဆံတတ်တဲ့  အရောင်းအတွေ့ အကြုံရှိတယ်ဆိုတာထဲ့ပြောရမှာ။ဒါမျိုးကို.. Transferable skill အလုပ်တခုကနေ အခြားအလုပ်တခု မှ လွဲပြောင်းသုံးနိုင်တဲ့ ကျွမ်းကျင်မှု လို့ ခေါ်တယ်။ဒါဟာအရေးကြီးတယ်။
(၃)နောက်မေးခွန်းတစ်ခု က..အဲဒီ အရင်အလုပ်တုန်းက..အောင်မြင်မှု တွေရှိခဲ့ ရင် ပြောပြပါ ဆိုတဲ့ မေးခွန်းပေါ့ ။ ဒါကိုလဲ သေချာတွေးထားရမှာ။အခုနောက်ပိုင်း.. အလုပ်လုပ်ခဲ့တဲ့  အတွေ့ အကြုံသာမကဘူး။လုပ်ခဲ့ အလုပ်တွေပေါ်မှာ ဘာအောင်မြင်မှုတွေရ ခဲ့သလဲဆိုတာ.. ပိုအလေးထားလာကြတယ်။ ဒါကလဲ သေချာစဉ်းစားထားရင်ပေါ်ပါတယ်။မစဉ်းစားပဲ အင်တာဗျူးသွားရင်သာ..ဘယ်ကစပြောရမှန်း မသိဘူး ဖြစ်ကြတာ။ဘွဲ့ ရကာစလူငယ်တွေ အတွက်လဲ..ခုနကပြောခဲ့သလို အိမ်က ဈေးဆိုင်မှာ ကူရောင်းခဲ့တုန်းက ဘယ်ပစ္စည်းကို ဖောက်သည်တွေ ကြိုက်အောင် ဘယ်လို ရောင်းခဲ့ ဘူးတယ်ဆိုတာကလဲ အောင်မြင်မှုပဲပေါ့ ။
(၄)နောက်မေးလေ့ရှိတာက..ဘာကြောင့် အရင်အလုပ်က ထွက်ချင်တာလဲ..လို့ ။ဒီမေးခွန်းကို သတိထားဖြေပါ။ အရင် အလုပ်ရှင်မကောင်းလို့ ..စသဖြင့်  အရင်အလုပ်မကောင်းကြောင်း မပြောမိပါစေနဲ့ ။အဲဒီလို ပြောရင်..အလုပ်ခန့် မယ့် သူက..သူတို့ ကို လဲ မကောင်းကြောင်းပြောနိုင်တယ်ထင်တတ်တယ်။ အကောင်းဆုံးအဖြေကတော့. . အရင်အလုပ်ကကောင်းပါတယ်။ လုပ်ရတာလဲ ပျော်တယ်။ ဒါပေမယ့် . .ဒီထက်အတွေ့ အကြုံရချင်လို့ အခု အလုပ်ကို လျှောက်တာပါ..ဆိုတာမျိုးပေါ့ ။
(၅)နောက်…အလုပ်ခန့် တဲ့ သူတွေသိပ်သိချင်တာက.. ဘာ့ကြောင့့်သူတို့ ရဲ့အလုပ်မှာ လုပ်ချင်တာလဲ..ဆိုတာပဲ။ မေးပါလိမ့် မယ်။ ဒါကျတော့ အရင်ဆောင်းပါးတပုဒ်ဖြစ်တဲ့ . .အကောင်းဆုံးမိတ်ဆက်စာရေးနည်း မှာ ပြောထားသလို ..”လူကြီးမင်းတို့ အဖွဲ့ အစည်း၊ကုမ္ပဏီက ဒါတွေလုပ်နေတယ်ဆိုတာ..ကျနော်သိတယ်”။(ဒါကြောင့် ..အစမှာပြောခဲ့တာ။ကိုယ်အလုပ်လျှောက်တဲ့ အဖွဲ့ အစည်း၊ ကုမ္ပဏီ အကြောင်းသိအောင်လုပ်ထားဆိုတာ။ အဲဒီလိုပြောရင်သူတို့အကြောင်း တော်တော်လေ့လာထား တာပဲ ဆိုပြီး..အင်တာဗျုးတဲ့ သူတော်တော်သဘောကျသွားပြီ။) ”ခင်ဗျားကလဲဒီလို အရည်အချင်း၊ ဒီလို အတွေ့ အကြုံရှိတဲ့သူ ရှာနေတယ်။ ကျနော့် မှာခင်ဗျားလိုချင်တဲ့ အရည်အချင်း၊အတွေ့ အကြုံတွေရှိတယ်။ ကျနော်ကလဲ ကျနော်အရည်အချင်းတွေ အစွမ်းကုန်သုံးနိုင်မဲ့ ခင်ဗျားအလုပ်ကို သိပ်စိတ်ဝင်စားလို့ ခင်ဗျားတို့  အလုပ်မှာ လုပ်ချင်တာ ဆိုရင် သူတို့ ဘယ်လောက်သဘောကျ မလဲ။ စဉ်းစားသာကြည့် ။
(၆)တခါတလေ..မင်းနဲ့ အားသာချက်၊အားနဲ ချက်တွေက ဘာလဲ..လို့ မေးတတ်တယ်။ ဒီမေးခွန်းကျတော့ ..အထူးသဖြင့် အားနည်းချက်ဖြေဖို့ စဉ်းစားထားရမယ်။ ကိုယ့် ရဲ့ အားနဲချက်ကို positive ကောင်းတဲ့  အမြင်နဲ့ ဖြေနိင်ဖို့ ပြင်ဆင်ထားရမယ်။ဥပမာ..ကျနော်က အလုပ်ပေါ် အလွန် ဇောကပ်တာ။ ညနေပြန်တာ နောက်ကျလို့ မိသားစုတွေ မကြိုက်ဘူး။ အဲဒါ ကျနော့  အားနည်းချက်ဖြစ်နေတာပေါ့ ဗျာ..ဆိုရင် အလုပ်ကိုတော့ ဂရုစိုက်မယ့် သူပဲ ဆိုပြီး အလုပ်ခန့် မယ့် သူဖက်က မြင်နိုင်တာပေါ့။ဒါမေးခွန်းကိုတော့ သေချာတွေးပြီးပြင်ဆင်ထားပါ။
(၇)သူတို့ မေးချင်တာ..မေးပြီးသွားရင်..မဖြစ်မနေမေးတဲ့ မေးခွန်းကတော့ ..မင်းအနေနဲ့ ဘာတွေသိ ချင်လဲ။ မေးစရာတွေ ရှိသလဲလို့ ။တကယ်တော့ အင်တာဗျုးဆိုတာ..အလုပ်ခန့် မယ့် သူကပဲမေး၊ ကိုယ်က ဖြေပဲဖြေ ရတာမျိုး မဟုတ်ဘူး။ ကိုယ်သိချင်တာလဲ မေးကိုမေးရမယ်။ ဘာလို့ လဲဆိုတော့ ..သူတို့ က မကြိုက်ရင့် ကိုယ့် ကို မခန့် လို့ ရသလို ..ကိုယ်ကလဲ သူတို့ ရဲ့ အဖွဲ့ အစည်း၊အလုပ်ကို မကြိုက်ရင် မလုပ်ပဲ နေလို့ ရတဲ့ အခွင့် အရေးရှိတယ်လေ။
ဒီတော့ သိချင်တာ မေးကို မေးရမယ်။အနဲဆုံးအင်တာဗျုးဖြေပြီးရင်..ကိုယ့် ကို ရွေးမရွေးဘယ်လို အကြောင်းကြားမယ် ဆိုတာလောက် တော့ မေးရမယ် မဟုတ်လား။
မေးစရာမေးခွန်း မရှိရင် အလုပ်အကြောင်းသိပ်စိတ်ဝင်စားပုံမရပါဘူး.လို့ တစ်ချို့ အင်တာဗျူးတဲ့ သူတွေ ထင်တတ်တယ်။ ဒါပေမယ့် မေးခွန်း မေးရရင်ြ့ပီးရောဆိုပြီး ဖြစ်သလို တော့မမေးပါနဲ့ ။ ကိုယ်တကယ်သိဖို့ လိုတာ မေးပါ။ တချို့ ကတော့.. လူအထင်ကြီးစေတဲ့  မေးခွန်း တွေနဲ့ တော်တော်မေးတတ်တယ်။ ဒါကြောင့် ကိုယ်မေးချင်တဲ့ မေးခွန်းတွေကို သေချာစဉ်းစားထား၊ ပြင်ထားကြပါ။
(၇)နောက်ဆုံး..အရေးကြီးဆုံး မေးခွန်းကတော့ ..လစာ ဘယ်လောက်မျှော်လင့်သလဲ ဆိုတာပဲ။ ဒါကျတော့..ကိုယ်က ပါးပါးနပ်နပ်ရှိရမယ်။သူတို့ ရဲ့ အဖွဲ့ အစည်း၊ကုမ္ပဏီကလဲ လေးစားရတဲ့ အဖွဲ့ အစည်း ဖြစ်တယ်ဆိုရင်..အဖွဲ့ အစည်း ရဲ့ မူအတိုင်းပဲလုပ်ပါ၊ လက်ခံပါတယ်ဆိုပြီး..သူတို့ သဘောလွှတ်ပေးထားလိုက်ပါ။သူတို့ မှန်မှန်ကန်ကန် လုပ်လိမ့် မယ်။ ကိုယ်သွားတောင်းရင်တောင်မှ.လစာနဲ နေနိုင်တယ်။တကယ်လို့  သူတို့ ရဲ့ အဖွဲ့ အစည်း၊ ကုမ္ပဏီကဘယ်လို မှန်းမသိရင်တော့ ..ကိုယ် မျှော်လင့်တာ ပြောပြလိုက်ပါ။တခါတလေ ကျနော်တို့ က ကိုယ်က တောင်းတာ သိပ်များများသွားရင် အလုပ်မခန့် တော့ဘူးလို့ များရှိမလား လို့ .ထင်ပြီးလျှော့ ပြောတတ်တယ်။ တကယ်တော့ အလုပ်ခန်ု့ ဖို့ စဉ်းစားတဲ့ နေရာမှာ လစာ များတာက သိပ်အရေးမကြီးဘူး။အရည်အချင်းကြိုက်ရင်ခန့် မှာပဲ။ သိပ်ဈေးမချပါ နဲ့ ။သူတို့ မှာလဲ မှန်းထားတဲ့ လစာ ရှိပြီးသား။ကိုယ်မျှော်လင့်တာသိပ်များနေရင်..ညှိနှိုင်းပါလိမ့် မယ်။
ကဲ..အခု အင်တာဗျူးမှာ မေးတတ်တဲ့ မေးခွန်းတွေလဲသိပြီ၊အဖြေတွေကို ဘယ်လို ပြင်ရမလဲ ဆိုတာ လဲ သိပြီ။ ဒီတော့ ဘယ်လိုဖြေမယ်ဆိုတာသေချာပြင်ထားကြပေတော့ ။ မြန်မာလို မေးရင် မြန်မာလို၊ အင်္ဂလိပ်လို မေးရင် အင်္ဂလိပ်လိုပေါ့ ။ အရေးကြီးတာက .. ကိုယ့် ရဲ့ ပါးစပ်ကအဖြေတွေကို ရှောရှောရှူရှူ ပြောတတ်တဲ့ အထိ.. နေ့ တိုင်း လေ့ကျင့်ဖို့ ပဲ။
(၄)
ကဲ..အင်တာဗျူးဖြေမယ့် နေ့ ရောက်လာပြီ။ဘာတွေလုပ်ရမလဲ..
အဲဒီနေ့ မှာ အဓိကလုပ်ရမှာက Mental preparation ကိုယ့် ရဲ့ စိတ်ကို လေ့ကျင့်ပြင်ဆင်ဖို့ ပဲ။ အင်တာဗျုးမှာ မေးမဲ့ အကြောင်းအရာတွေ၊အဖြေတွေ အတွက် အားလုံးပြင်ဆင်ပြီးပြီ။ စိတ်ပူ မနေတော့ ။ready ပဲ။ အဓိကအရေးကြီးတာက..ကိုယ့်ကိုယ်ကို သက်တောင့် သက်သာရှိအောင်၊
မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိအောင်စိတ်ကို ပြင်ဆင်ထားရမှာ ။ဘာမှတွေးမပူပဲ… စိတ်ကိုအေးအေးဆေးဆေးထား။ ငါ သေချာပြင်ဆင်ပြီးပြီ..ဘာလို့ စိုးရိမ်ဖို့ မလိုဘူး၊ငါအောင်မြင်မယ် ဆိုတာ ယုံကြည်တယ်ဆိုပြီး ကိုယ့်ကိုကိုယ် Autosuggestion အားပေးနေပါ။ သက်တောင့် သက်သာ ၊မိမိကိုယ်ကို ယုံကြည်မှု အပြည့် ရှိတဲ့ ပုံစံဟာ ကိုယ့် အတွက်လဲ ကောင်းသလိုလူတိုင်းလဲ သဘော ကျ တဲ့ ပုံစံပေါ့ ။
နောက်တခု က..အ၀တ်အစား ၀တ်တာပြောချင်တယ်။Professional ကျကျ ၀တ်စားပါ။ အင်တာဗျူး မယ့် သူက ကိုယ့် အရင်းနှီးဆုံး သူငယ်ချင်းဖြစ်နေပါစေ။ Formal သပ်သပ်ရပ်ရပ်ဝတ်စားကြပါ။ အလုပ်ဆိုတဲ့ Professional ဘ၀ အတွက် အင်တာဗျုးသွားဖြေတာဟာ Professional ပဲ ဖြစ်နေရပါမယ်။ အင်တာဗျုးရင်သွားရင်ဝတ်ဖို့ အ၀တ်အစားတစ်စုံလောက်တော့  ရင်းနှီးမျြတ်နှံ ထားကြပါ။
ပြီး ..အင်တာဗျူး ခန်းထဲ ကို ရဲရဲ ၀င့် ဝင့်၊ယုံကြည်မှု အပြည့် နဲ့ ဝင်ပါ။ ဒါပေမယ့်..Overconfidence ယုံကြည်မှုတွေလွန်ကဲပြီး စကားပြောတဲ့ နေရာ Informalသူငယ်ချင်းအချင်းပြောတဲ့ ပုံစံမဖြစ်ပါစေနဲ့ ။ (သူငယ်ချင်းဖြစ်နေရင်တောင်မှ) Formal လေးလေးစားစား ပြောဆိုပါ။ ဒါပေမယ့် .. ရဲရဲ ရင့် ရင့် နဲ့ ယုံကြည်မှု အပြည့် ရှိပါစေ။
ကဲ အင်တာဗျုးဖြေပြီးရင် လုပ်စရာ ပြီးပြီလား...
တကယ်တော့..အင်တာဗျုးဖြေပြီးပေမယ့် လုပ်စရာကမပြီးသေးဘူး။အင်တာဗျုးခဲ့ သူတွေကို Follow-up ဆက်သွယ် နေဖို့ုလိုသေးတယ်။ အီးမေလ်နဲ့ ဆက်သွယ်လို့ ရရင်. ကျေးဇူးတင်ကြောင်း၊ နောက်တစ်ဆင့် အတွက် စောင့် မျှော်နေကြာင်း.. အီးမေလ် ပို့ ပါ။ အဲဒီလို ဆက်သွယ်တွေ ဟာ..လူအများကြီးထဲကနေ ထူးခြားတဲ့ ကိုယ့် ကို သတိထားမိစေတယ်။
(၅)
ကဲ.. အင်တာဗျုးကို လဲ အကောင်းဆုံးပြင်ဆင်၊အတတ်နိုင်ဆုံး ဖြေ ပြီးပြီ။ ဒီလို Professional ကျတဲ့ သူ၊ ကိုယ့် အလုပ်အတွက်တကယ်အသုံးဝင်မဲ့ သူကို ဘယ်အလုပ်ရှင်က လက်လွှတ်ခံနိုင်ပါ့ မလဲဗျာ။ ကြည့် နေ၊ အလုပ်ခန့် စာ မကြာခင်ရောက်လာလိမ့် မယ်။
အားလုံး ပျော်ရွှင်၊အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျို:

အောင်ဆန်းသူရိယဘွဲ့ ရရှိထားသူများ


အောင်ဆန်းသူရိယဘွဲ့ ရရှိထားသူများ
==========================
(၁) အောင်ဆန်းသူရိယ အေးချို (၁၉၄၈) - ဗိုလ်မှူး (ကျဆုံး) / ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း (၁၉၅၀) - ဗိုလ် (နောင်တွင်ဗိုလ်ကြီး) / အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
(၃) အောင်ဆန်းသူရိယ လှသောင်း (၁၉၄၉) - တပ်သား (ကျဆုံး) / အမှတ်(၃) ဗမာ့သေနတ်ကိုင်တပ်ရင်း
(၄) အောင်ဆန်းသူရိယ စောမြင့် (၁၉၅၁) - တပ်သား (ကျဆုံး) / အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း
(၅) အောင်ဆန်းသူရိယ စောဘရီ (၁၉၅၁) - အရပ်သား (ကျဆုံး) / အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)
(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း (၁၉၅၀) - တပ်သား (ကျဆုံး) / အမှတ်(၄)ခြေလျင်တပ်ရင်း
(၁) အောင်ဆန်းသူရိယ အေးချို
-----------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၅၁၈၀
ဘွဲ့ရစဉ်အဆင့် - ဗိုလ်မှူး
အမည် - အေးချို(ကျဆုံး)
အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၈)
ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - ပြည်ထောင်စု စစ်ရဲတပ်ရင်း (၂၁)
ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၈ သြဂုတ်လအတွင်း ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ္တလင်းမြို့အနီးရှိဖိုးသာအောင်ကုန်း တံတားတဘက်သို့အရောက်တွင် နတ္တလင်းတွင်တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁)၏ တပ်ရင်းမှူးဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်မျးပြားသောရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် ကွန်မြူနစ်တပ်များ ဆက်လက်ပြီး မချီတက်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။
ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ထူးကဲမြင့်မားလှသောရဲစွမ်းသတ္တိ၊ ကြံ့ခိုင်သောစိတ်ဓါတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ရင်း ပြင်းထန်စွာဒဏ်ရာရရှိကာ ၁၉၄၈ သြဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်အတွက်တာဝန်ကျေပွန်စွာ အသက်ပေးလှူသွားသူဖြစ်သည့်အလျောက် နိုင်ငံတော်၏ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို ပထမဆုံးချီးမြှုင့်ခြင်းခံရသူဖြစ်သည်။
(၂) အောင်ဆန်းသူရိယ တိုက်ချွန်း
-------------------------
ကိုယ်ပိုင်အမှတ် - ကြည်း ၇၂၈၈
ဘွဲ့ရစဉ်အဆင့် - ဗိုလ် (နောင်တွင်ဗိုလ်ကြီး)
အမည် - တိုက်ချွန်း
အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)
ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၁) ချင်းသေနတ်ကိုင်တပ်ရင်း
ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလတွင် အင်းစိန်မြို့ကိုအခိုင်အမာစိုးမိုးထားသည့် ကေအင်ဒီအိုများအား ဗမာ့တပ်မတော်ကတိုက်ထုတ်ချေမှုန်းရာတွင် ၁၆-၄-၄၉ နေ့ နံနက်ပိုင်းတွင် အမှတ်(၁)ချင်းသေနတ်ကိုင်တပ်ရင်း စစ်မျက်နှာရှိ တပ်ခွဲတခွဲအား ရန်သူတို့၏၀ိုင်းဝန်းပစ်ခတ်ခြင်းကိုခံနေရစဉ် ဗိုလ်တိုက်ချွန်းသည် ရန်သူများအတွင်းဝင်ရောက်ကာ အများအပြားကျဆုံးအောင် သူရသတ္တိပြောင်မြောက်စွာ တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သည်။
ဗိုလ်တိုက်ချွန်းသည် ယင်းသို့စံတင်လောက်သည့် ရဲစွမ်းသတ္တိ၊ ဂုဏ်ပြုလောက်သည့်စွန့်စားခြင်းတို့ဖြင့် ၁၀-၄-၄၉ နေ့ စော်ဘွားကြီးကုန်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၆-၄-၄၉ နေ့ ဦးစက္ကိန်ကျောင်းတိုက်ပွဲတွင်လည်းကောင်း၊ ၁၈-၄-၄၉ နေ့ ရန်သူ့ခံကတုတ်ကိုချေမှုန်း တိုက်ခိုက်ရာတွင်လည်းကောင်းအသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ တာဝန်ထမ်းရွက်ခဲ့သည့်အတွက်နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။
ဗိုလ်တိုက်ချွန်းသည် ယခင်တိုက်ပွဲတွင်လည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် နိုင်ငံတော်က သူရဘွဲ့ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။
(၃) အောင်ဆန်းသူရိယ လှသောင်း
------------------------------
ကိုယ်ပိုင်အမှတ် - ၈၈၈၆၅
ဘွဲ့ရစဉ်အဆင့် - တပ်သား
အမည် - လှသောင်း(ကျဆုံး)
အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၄၉)
ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း
ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၀
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၄၉ ခု ဧပြီလ ၂၈ရက်နေ့မနက် ၀၃၀၀ နာရီတွင် ဒိုက်ဦးစစ်မျက်နာတွင် အင်အားအဆမတန် များပြားသောကေအင်(န)ဒီအိုများက အမှတ်(၃)ဗမာ့သေနတ်ကိုင်တပ်ရင်း ကွပ်ကဲမှုဌာနချုပ်ကိုဝိုင်းဝန်းတိုက်ခိုက်ရာ တပ်သားလှသောင်းသည် အသက်ကိုပဓါနမထားပဲ ရဲဝံ့စွန့်စားစွာ ရန်သူအများအပြားကျဆုံးအောင် ရွပ်ရွပ်ချွံချွံတိုက်ခိုက်ခြင်းဖြင့် ရန်သူ၏ထိုးစစ်ကိုဟန့်တားနိုင်ခဲ့သည့်အပြင် မိမိဘက်မှ တပ်ဖွဲ့ဝင်များအထိခိုက်မရှိဆုတ်ခွာပေးနိုင်အောင် နောက်ချန်ကာဘရင်းစက်သေနတ်ဖြင့် ကာပစ်ပစ်ပေးနေစဉ်ရန်သူ့လက်ချက်ဖြင့် နိုင်ငံတော်အတွက်အသက်ပေးလှူသူဖြစ်သည့်အလျောက် နိုင်ငံတော်၏အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။
တပ်သားလှသောင်းသည် ရခိုင်၊မြစ်ဝကျွန်းပေါ်၊ဇီးကုန်း၊၀က်ကော်နှင့် အင်းစိန်တိုက်ပွဲတို့တွင်လည်း အသက်ကိုပဓါနမထားပဲ၊ထူးကဲမြင့်မားသောရဲစွမ်းသတ္တိ၊ကြံခိုင်ထက်မြက်သောစိတ်ဓါတ်တို့ဖြင့် ထူးချွန်စွာတာဝန်ထမ်းရွက်ခဲ့သူ ဖြစ်သည်။
(၄) အောင်ဆန်းသူရိယ စောမြင့်
----------------------------
ကိုယ်ပိုင်အမှတ် - B/00603
ဘွဲ့ရရှိစဉ်ကအဆင့် - တပ်သား
အမည် - စောမြင့်(ကျဆုံး)
အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ
ရရှိသည့်နှစ် - ၁၉၅၁
ဘွဲရရှိစဉ် တာဝန်ထမ်းဆောင်သည့်
တပ်ရင်း - အမှတ်(၁)ကရင်သေနတ်ကိုင်တပ်ရင်း၊ အမှတ်(၂) ခြေမြန်တပ်မ ဌာနချုပ်(တွဲဖက်)
ဘွဲ့အပ်နှင်းခံရသော အမိန့်အာဏာ - ၃/အထူး/၅၂
ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း
တပ်သားစောမြင့်သည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် အရပ်သားစောဘရီနှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့အဆက်အသွယ်ယူနိုင်ခဲ့ကာ (၂၄.၆.၅၁)တွင် စောဘရီနှင့် အရပ်သား(၄)ဦးပါ အဖွဲ့ငယ်ကို ဦးဆောင်ပြီး ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။
တပ်သားစောမြင့်နှင့်အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။
ယင်းသို့ ကယ်ထုတ်စဉ် ရန်သူတို့၏ ပြင်းထန်စွာ ၀ိုင်းဝန်းပစ်ခတ်မှုကြောင့် ခြေထောက်တွင် ဒဏ်ရာရရှိလဲကျသွားခဲ့သော်လည်း မိမိဒဏ်ရာကို ဂရုမထားပဲ ဗိုလ်မှူးကြီးမောင်မောင်နှင့်အဖွဲ့ကို ဘေးကင်းရာသို့ ရောက်ရှိသည့်တိုင် ရန်သူများကို ကျည်ကုန်သည်အထိ ပစ်ခတ်ပြီးနောက် မိမိအတွက် ၀န်မလေးစေရန် ကျန်ရှိသည့် လက်ပစ်ဗုံးဖြင့် အသက်ကိုစတေးကာ နိုင်ငံတော်အတွက် အသက်ကိုပေးလှူခဲ့သူဖြစ်သည်။
တပ်သားစောမြင့်သည် ယင်းကဲ့သို့ မိမိရဲဘော်များအတွက် ကိုယ်ကျိုးမဖက်အသက့်စွန့်ဆောင်ရွက်ချက်သည် အလွန်မြင့်မြတ် ဂုဏ်ယူဖွယ်ရာ ဖြစ်သည့်အလျောက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့အားချီးမြှင့်ခြင်း ခံရသည်။
ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။
(၅) အောင်ဆန်းသူရိယ စောဘရီ
----------------------------
ကိုယ်ပိုင်အမှတ် - မရှိ
ဘွဲ့ရရှိစဉ်က အဆင့် - အရပ်သား
အမည် - စောဘရီ (ကျဆုံး)
အမြင့်ဆုံးရရှိသည့်ဘွဲ့ - အောင်ဆန်းသူရိယ
ရရှိသည့်နှစ် - ၁၉၅၁
ဘွဲ့ရရှိစဉ် တာဝန်ထမ်းဆောင်သည့် တပ်ရင်း - အမှတ်(၂) ခြေမြန်တပ်မဟာဌာနချုပ် (တွဲဖက်)
ဘွဲ့ရရှိပုံ ဖြစ်စဉ်အကျဉ်း
စောဘရီသည် သံတောင်မြို့နယ်၊ ရေသိုးကြီးရွာတွင် ကေအင်ဒီအိုများ၏ ဖမ်းဆီးခြင်း ခံနေရသော ဗိုလ်မှူးကြီးမောင်မောင်နှင့် အဖွဲ့အား ကယ်ထုတ်ရန် တပ်သားစောမြင့်နှင့်အတူ (၈.၆.၅၁)နေ့တွင် သွားရောက်ပြီး ဗိုလ်မှူးကြီးမောင်မောင်နဲ့ အဆက်အသွယ်ယူခဲ့ကာ (၂၄.၆.၅၁)တွင် ရန်သူ့နယ်မြေအတွင်း ထပ်မံဝင်ရောက်နိုင်ခဲ့သည်။
စောဘရီဦးဆောင်သော အဖွဲ့သည် (၂၈.၆.၅၁)ရက်နေ့ညတွင် အခက်အခဲမျိုးစုံတို့အားကျော်ဖြတ်ကာ ဗိုလ်မှူးကြီးမောင်မောင်တို့အား ချုပ်ထားသော အချုပ်ခန်းအား ၀င်ရောက်စီးနင်းလျက် အောင်မြင်စွာကယ်ထုတ်ခဲ့သည်။ထိုတိုက်ပွဲတွင် ရန်သူများမှ အပြင်းအထန် ၀ိုင်းဝန်းပစ်ခတ်ခံရပြီး ဒဏ်ရာရရှိကာ အသက်ဆုံးရှုံးခဲ့သည့် သူရဲကောင်းတစ်ဦး ဖြစ်သည်။
စောဘရီသည် မိမိအား ပေးအပ်သည့်တာဝန်ကို ပြီးမြောက်အောင်မြင်သည်အထိ ထူးကဲမြင့်မားသော ရဲစွမ်းသတ္တိဖြင့် တိုက်ခိုက်ရင်း နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့သည့်အတွက် ရဲစွမ်းသတ္တိဆိုင်ရာ အမြင့်ဆုံးဘွဲ့ဖြစ်သော အောင်ဆန်းသူရိယ ဘွဲ့ကိုချီးမြှင့်ခဲ့သည်..။
ဆရာမန်းသင့်နောင်(ကော့ကရိတ်) ရဲ့စာအုပ်ကပါ။
(စောဘရီဟာ အရပ်သားဆိုပေမယ့် အလင်းဝင် ကေအင်ဒီအိုဟောင်းဖြစ်သည်)
(၆) အောင်ဆန်းသူရိယ စွပ်ဗဟာဒူးရိုင်း
--------------------------------
ကိုယ်ပိုင်အမှတ် - ၀၁၉၁၄
ဘွဲ့ရစဉ်အဆင့် - တပ်သား
အမည် - စွက်(က်) ဗဟာဒူးရိုင်း (ကျဆုံး)
အမြင့်ဆုံးရရှိသည့်ဘွဲ့/နှစ် - အောင်ဆန်းသူရိယ (၁၉၅၀)
ဘွဲ့ရရှိစဉ်တာဝန်ထမ်းဆောင်သည့်တပ် - အမှတ်(၄)ခြေလျင်တပ်ရင်း
ဘွဲ့အပ်နှင်းခံရသောအမိန့်အာဏာ - ၁၀/အထူး/၅၁
ဘွဲ့ရရှိပုံဖြစ်စဉ်အကျဉ်း ။ ၁၉၅၀ ခု ဇွန် ၁၇၊၁၈ ရက်တို့တွင် အမှတ်(၄)ခြေလျင်တပ်ရင်း၏ (ဃ)တပ်ခွဲသည် ရှမ်းပြည်တောင်ပိုင်း တာလေမှပန်ခီသို့ချီတက်စဉ် အင်အားအဆမတန်များပြားသော ရန်သူတရုတ်ဖြူသောင်းကျန်းသူ များနှင့်တွေ့ဆုံတိုက်ပွဲဖြစ်ပွားရာ တပ်သားစွက်(က်) ဗဟာဒူးရိုင်းသည် မိမိတပ်ခွဲ၏ရိက္ခာတင်ထရပ်ကား(၇)စီးကို ရန်သူဝိုင်းဝန်းပစ်ခတ်မှုမှ ရွပ်ရွပ်ချွံချွံခုခံကာကွယ်နိုင်ခဲ့သည့်အပြင် မိမိတပ်ခွဲအား ရန်သူအင်အားကြီးမားစွာ ၀ိုင်းဝန်းပစ်ခတ်နေသည့်ကြားမှ ဘရင်းစက်သေနတ်ဖြင့် ရန်သူ ၁၀၀ ကျော် ကျဆုံးသည်အထိမိမိအသက်ကို ပဓါနမထားပဲ ရန်သူများအတွင်းသို့ ရဲဝံ့စွန့်စားစွာဝင်ရောက် ပစ်ခတ်ရင်း ရန်သူ၏လက်ပစ်ဗုံးထိမှန်ကာ နိုင်ငံတော်အတွက်အသက်ပေးလှူခဲ့သူဖြစ်သည့်အလျောက် နိုင်ငံတော်၏ အမြင့်ဆုံးစွမ်းရည်သတ္တိဘွဲ့ဖြစ်သောအောင်ဆန်းသူရိယဘွဲ့ကိုချီးမြှုင့်ခြင်းခံရသည်။
စွက်(က်) ဗဟာဒူးရိုင်းသည် ယခင်ကလည်း ရဲစွမ်းသတ္တိပြောင်မြောက်မှုအတွက် စစ်သေနာပတိချုပ်က သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခြင်း ခံရသူဖြစ်သည်။