Saturday 24 May 2014

Historical Record Of Government Technical Institutes In Burma.

Historical Record Of Government Technical Institutes In Burma.

  မြန်မာနိုင်ငံ စက်မှုလက်မှုသိပ္ပံကျောင်းများ၏ ကနဦးအစဖြစ်သော Government Engineering School
ကို ဧပြီလ (၁)ရက် ၁၈၉၅ တွင် ရန်ကုန်မြို့ ၊ လမ်းမတော်ဘူတာ အနောက်ဘက်မြေကွက်လပ်ပေါ်ရှိ သစ်သားအိမ်ကလေးတွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယနေ့ ခေတ် အနေအထားအရဆိုလျှင် ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမှတ်(၁၀)မှုလတန်း ကျောင်းဝင်းနေရာ ဖြစ်ပါသည်။ ဂျူးလူမျိုး ပီကေဟယ်လ်ဒါ (P-K Helder) ပိုင်အိမ်ကလေးတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းအုပ်ကြီးက မစ္စတာဘရောင်း (Mr.Brown) ဖြစ်သည်။
၁၈၉၈ ခုနှစ်တွင် ယင်းနေရာမှ အင်းစိန် ဘူတာအရှေ့ ဘက် နှစ်ထပ်အဆောက်အဦးသို့  ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ကျောင်းအုပ်ဆရာကြီးမှာ ကော်နာမစ်ချယ် (Conner Mitchel) ဖြစ်ပြီး ဦးထွန်းကျော်၊ ဦးမြဟူသော လက်ထောက်ဆရာနှစ်ယောက်နှင့် စက်မှုလက်မှုအတတ်ပညာများကို သင်ကြားပေးခဲ့သည်။ ယင်းနှစ်ထပ်ကျောင်း အဆောက်အဦးနေရာမှာ ယနေ့ခေတ် အနေအထားအရ တိရစ္ဆာန်မွေးမြူရေးနှင့်ဆေးကုသရေးတက္ကသိုလ် နေရာပင်ဖြစ်သည်။ ၁၉၀၇-ခုနှစ်တွင် Government Engineering School ၌ ကျောင်းသားဦးရေ ၆၃ ဦးရှိခဲ့ရာ ကပြား ၉ဦး၊အိန္ဒိယတိုင်းသား ၄၀ ဦး၊ မြန်မာကရင်တိုင်းရင်းသား ၁၄ ဦးဖြစ်ပါသည်။
၁၉၀၈-ခုနှစ်တွင် အင်ဂျင်နီယာကျောင်းကို အင်းစိန်ရွာမ လက်ရှိနေရာသို့ ပြောင်းရွှေလိုက်ပြီး ကျောင်းအမည်ကိုလည်း Government School of Engineering and Technical High School ဟု အမည်ပြောင်းလဲ ခေါ်ဆိုလိုက်ပါသည်။ ၁၉၁၂-ခုနှစ်တွင် ကျောင်းအုပ်ဆရာကြီး ကော်နာမစ်ချယ် (Conner Mitchel) နေရာ၌ မစ္စတာ မောရစ် (A.P Morris) ရောက်ရှိလာခဲ့၏ ။ ထိုစဉ် ကျောင်းအမည်ကို Government Technical Institute (G.T.l) ဟု အမည်ပြောင်းလဲ ခေါ်ဆိုလိုက်ပါသည်။ ၁၉၁၂ခုနှစ်တွင် ဂျီတီအိုင်ကျောင်း၌ ကျောင်းသား ၃၅ ဦးသာ တက်ရောက်လျက်ရှိတော့ကြောင်း သိရှိရပါသည်။ ဆရာကြီးမစ္စတာမေရစ်လက်ထက် ၁၉၂၆ခုနှစ်မှစ၍ ပညာရည်ချွန်ကျောင်းသားများအား မောရစ်ဆု (Winners of the Morris Medal)ကို ပေးအပ်ချီးမြှင့်ခဲ့သည်။
၁၉၂၈-ခုနှစ်တွင် ကျောင်းအုပ်ဆရာကြီး မစ္စတာမောရစ်နေရာ၌ မစ္စတာရှော(Mr.Shaw)ရောက်ရှိလာကာ ဂျီတီအိုင်ကျောင်းအုပ် ဆရာကြီးအဖြစ် တာဝန်ယူခဲ့ပါသည်။ မစ္စတာရှောသည် ၁၉၃၆ခုနှစ်အထိ ကျောင်းအုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ မစ္စတာရှော လက်ထက်တွင်လည်း မောရစ်ပညာရည်ချွန်ဆုကို ဆက်လက်ပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး အပြောင်းအလဲအဖြစ်ချိန်အထိ ဖြစ်ပါသည်။ ၁၉၃၆ ခုနှစ်တွင် မစ္စတာရှောနေရာ၌ ပထမဆုံး မြန်မာလူမျိုးကျောင်းအုပ် ဆရာကြီးဦးဘလှီက စတင် တာဝန်ထမ်းဆောင်ပါသည်။
ဂျပန်ခေတ်ကာလအတွင်း ၁၉၄၄ စက်တင်ဘာ (၁၈)ရက်နေ့တွင် ဂျပန်အစိုးရက ဂျီတီအိုင်ကို State Technical Institute ဟု အမည်ပေးလျက် ရန်ကုန် ပြည်သူ့ ဆေးရုံကြီးဝင်းအတွင်းသို့  ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။ သို့ သော် ယင်းကျောင်းမှာ ၂၃ ဧပြီ ၁၉၄၅ တွင် ရပ်စဲသွား၏ ။ ဖက်ဆစ် ဂျပန်တို့  မြန်မာနိုင်ငံအတွင်းမှ ပြန်လည်ထွက်ခွာသွားကြပြီးနောက် ၁၉၄၅ခုနှစ် သြဂုတ် ၁၅ ရက်နေ့တွင် စက်မှုလက်မှုကျောင်းကို ဗြိတိသျှအစိုးရက ရန်ကုန်မြို့ ၊ ချာချီလမ်း (ကိုယ့်မင်းကိုယ့်ချင်းလမ်း) အမှတ် (၆)နေအိမ်၌ ပြန်လည် ဖွင့်လှစ်ခဲ့သည်။ ထိုစဉ်က ကျောင်းအမည်ကို “ဗမာနိုင်ငံတော် အစိုးရလက်မှု စက်မှုပညာသင်ကျောင်း” ဟု ခေါ်ဆိုဆိုခဲ့ပြီး ၂၄ သြဂုတ် ၁၉၄၅ တွင် သင်တန်းများကို ၀င်ခွင့်စာမေးပွဲဖြင့် ခေါ်ယူခဲ့သည်။
ကျောင်းဝင်ခွင့်စာမေးပွဲဖြေဆိုနိုင်ရန် သတ်မှတ်ထားသော ပညာအရည်အချင်းမှာ အင်္ဂလိပ်ဘာသာ၊ သို့ မဟုတ် အင်္ဂလိပ်နှင့်တိုင်းရင်းသားဘာသာ ဒသမတန်းတွင် တက်ရောက် ပညာသင်ယူခဲ့ဘူးသူ ဖြစ်ရမည်ဟူ၍ သတ်မှတ်ခဲ့၏ ။ ၁၉၄၅ခု စက်တင်ဘာ ၁ ရက်နေ့တွင် ကျောင်းပြန်လည်ဖွင့်လှစ်ခဲ့ရာ လမ်းပန်း အဆောက်အဦးနှင့် စက်မှုအင်ဂျင်နီယာ သင်တန်း နှစ်မျိုးကိုသာ ထားရှိခဲ့သည်။ ကျောင်းအုပ်ဆရာကြီးမှာ ဦးဘလှီဖြစ်ပြီး လက်ထောက်ဆရာများအဖြစ် ဦးလူအေး၊ ဦးထင်စီ စသူတို့ ရှိကြ၏ ။ ကျောင်းသားဦးရေမှာ
မူ ၃၀ ခန့် သာရှိပါသည်။ အခြေအနေ တည်ငြိမ်အေးချမ်းသွားသောအခါ ဂျီတီအိုင်ကျောင်းကို အင်းစိန်ရွာမ မှုလနေရာသို့ ပြန်လည်ပြောင်းရွှေ့ ခဲ့သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ၁၉၄၉ခု ဇန်န၀ါရီ ၃၁ရက်နေ့တွင် ကရင်သောင်းကျန်းသူများ အင်းစိန်မြိုကို ၀င်ရောက်သိမ်းပိုက်လိုက်သဖြင့် ဂျီတီအိုင်ကျောင်းကို ဦးဝိစာရလမ်းရှိ ဂူဂျရတ္တီ (Gujaratty) ကျောင်းဆောင်သို့  ပြောင်းရွှေ့ လိုက်ရပြန်ပါသည်။ ယင်းကျောင်းမှာ အိန္ဒိယ တိုင်းသား ဂူဂျရတ္တီလူမျိုးများအတွက် ဖွင့်လှစ်ပေးခဲ့သည့် စာသင်ကျောင်းဖြစ်၏ ။ ယင်းနေရာ၌ တစ်နှစ်ကျော်မျှ ဖွင့်လစ်ပေးခဲ့ပြီးနောက် ၁၉၅၀-ပြည့်နှစ်တွင် အင်းစိန်ရွာမ မှုလနေရာသို့  ပြန်လည် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့သည်။
စက်မှုလက်မှု သိပ္ပံကျောင်းများကို ဆက်လက်တိုးချဲ့ ဖွင့်လှစ်ရာတွင် မန္တလေး (၁၉၅၅)၊ ကလော (၁၉၆၈)၊ ပြည် (၁၉၇၂)၊ ချောက် (၁၉၇၂) မော်လမြိုင် (၁၉၈၂)၊ ဟင်္သာတ(၁၉၈၂)၊ တောင်ငူ (၁၉၈၅)၊ မုံရွာ (၁၉၈၆)၊ မိတ္ထီလာ(၁၉၈၆)၊ မအူပင်(၁၉၉၁)၊ သံလျင် (၁၉၉၅) တို.၌ ကျောင်းများ ပေါ်ပေါက်လာခဲ့သည်။ ယင်းစက်မှုလက်မှုသိပ္ပံ ကျောင်းများမှ A.G.T.I (Associateship of Government Technical Institute) ဒီပလိုမာဘွဲ့ လက်မှတ်များကို ပေးခဲ့၏ ။ ယင်းနောက်ပိုင်းတွင် ဂျီတီအိုင် ကျောင်းအချိုကို နည်းပညာကောလိပ်များအဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည့်နည်းတူ သီးခြားကျောင်းသစ်များကိုလည်း ဖွင့်လှစ်ခဲ့ရာ အေဂျီတီအိုင်ဒီပလိုမာရရှိသူ အင်ဂျင်နီယာ ကျောင်းသူ၊ ကျောင်းသားများ ဆက်လက်ပေါ်ထွန်းလာခဲ့ပါသည်။
စာရေးဆရာ တင်နိုင်တိုး A.G.T.I (Civil)1983,Insein၊``အောင်မြင်ကျော်ကြား ၊အေဂျီတီအိုင်များ´´စာအုပ်မှ ကူးယူဖော်ပြပါသည်။

No comments:

Post a Comment

Note: only a member of this blog may post a comment.