Wednesday 4 June 2014

မီးသံ(Knocking)ခေါက်ရခြင်းအကြောင်းနှင့် ပြု ပြင်ရန်အချက်များ...

မီးသံ(Knocking)ခေါက်ရခြင်းအကြောင်းနှင့် ပြု ပြင်ရန်အချက်များ...
မီးသံခေါက်ရခြင်းအကြောင်းရင်းတွေကတော့...
(၁)ဆီအရည်အသွေး မပြည့်ဝသောကြောင့်(ဆီမသန့်ခြင်း)
(၂)ပလပ်(Sparking Plug) သက်တမ်းကုန်ဆုံးခြင်း
(၃)အရည်အသွေးမပြည့်သော စံချိန်မမှီသော ပလပ်များသုံးမိခြင်း
(၄)လေစစ်အလွန်အမင်းပိတ်ခြင်း...
တို့ကြောင့် မီးသံခေါက်ရတာပါ...

(၁)ဆီအရည်အသွေး မပြည့်ဝသောကြောင့်(ဆီမသန့်ခြင်း)
ဆီမသန့်တဲ့အခါ မီးသံခေါက်ရတာကတော့...
ဆီအရည်အသွေးမပြည့်ဝတဲ့အတွက် အင်္ဂျင်မီးလောင်ခန်းပေါက်ကွဲချိန်မှာ...
ဆီအကုန်မီးမလောင်နိုင်ဘဲဖြစ်ခြင်းကြောင့် မီးသံခေါက်ရတာပါ...
ဘာကြောင့်ဆီမသန့်လို့ မီးသံခေါက်ရလည်းဆိုတာကို...
အင်္ဂျင်အလုပ်လုပ်ပုံ အတိအကျသိမှသာ သဘောပေါက်မှာပါ...
4 Stroke အင်္ဂျင်တွေမှာ အင်္ဂျင်တစ်လုံးမောင်းနှင်လည်ပတ်နိုင်ဖို့ကို...
ပစ္စတင်(Piston)ဟာ မီးလောင်ပေါက်ကွဲခန်း(Combustion Chamber)
ဖြစ်တဲ့ ဆလင်ဒါ(Cylinder)မှာ လေးချက်အတက်အဆင်းလုပ်ရပါတယ်...
ပထမအချက်အနေနဲ့ ဆလင်ဒါထိပ်မှာရှိနေတဲ့ ပစ္စတင်ဟာ...
အင်းတက်ဘား(Intake valve)စအဖွင့်မှာ ဆင်ဒါထိပ်ကနေ...
အောက်ကိုဆင်းပါတယ်...
အဲ့လိုဆင်းတဲ့အချိန်ကာဘရိုက်တာ(Carburetor)အင်္ဂျင်တွေမှာတော့...
ကာဘရိုက်တာကနေ ဆီနဲ့လေ ရောစပ်ထားတာ(Air - Fuel Mixture)ကို...
ဆလင်ဒါထဲကို စုပ်ယူပါတယ်...
EFI ( Electronic Fuel Injection System) အင်္ဂျင်တွေမှာတော့...
အင်္ဂျင်အပတ်ရေကိုလိုက်ပြီး ဆီတိုင်ပင်ကိုက် အချိန်နဲ့ဖွင့်ပေးတဲ့...
နော်ဇယ်(Injector Nozzle)ကနေ ဆီဖွင့်ပေးတာကို စုပ်ယူပြီး...
ဆလင်ဒါထဲမှာ ဆီနဲ့လေရောစပ်တာကိုလုပ်ပါတယ်...
ဒီပထမဆုံးအချက်ကို(Intake Stroke)လို့ခေါ်ပါတယ်...
ဒုတိယအချက်အနေနဲ့ ဆလင်ဒါအောက်ဆုံးကိုရောက်သွားတဲ့ ပစ္စတင်ဟာ...
အင်္ဂျင်လည်အားနဲ့ ဖလိုင်းဝှီး(Flywheel)အလေးချိန်တို့အပြင်...
စတတ်မော်တာ(Starter Motor) လှည့်အားတို့ကြောင့်...
ကရိုင်းရှပ်(Crankshaft)မှာတပ်ဆင်ထားသော ကွန်နတင်း(Connecting Rod)
မှတွန်းပို့ပေးသောကြောင့် ပထမအချက်တွင်စုပ်ယူရောစပ်ထားသော...
ဆီနဲ့လေကို အပေါ်သို့ဖိတွန်းပို့(Compressed)ပေးပါတယ်...
ဒီလိုအပေါ်ပြန်မတက်ခင် ပစ္စတင်အောက်ဆုံးရောက်ချိန်မှာ...
အင်းတက်ဘားနဲ့ အိတ်ဇောဘား(Exhaust valve) ၂ ခုလုံးပိတ်ထားပါတယ်...
ပစ္စတင်အပေါ်ဆုံးရောက်ချိန်မှာဒုတိယအချက်အလုပ်ပြီးဆုံးပါတယ်...
ဒီဒုတိယအချက်ကိုတော့(Compression Stroke)လို့ခေါ်ပါတယ်...
တတိယအချက်အလုပ်လုပ်ပုံကတော့...
ပစ္စတင်အပေါ်သို့ရောက်ချိန်မှာ မီးတိုင်ပင်(Fire Timing)အချိန်ကိုက်တာနဲ့...
မီးကွိုင်(Ignition Coil)ကို မီးပေးပါတယ်...မီးကွိုင်မှတစ်ဆင့်...
ပလပ်(Plug)ကို အလွန်ဗို့အားပြင်းတဲ့ (22000 to 30000V)မီးကိုပို့ပေးချိန်မှာ...
ပလပ်မီးပွင့်ပါတယ်...ဆီနဲ့လေရောစပ်ထားပြီး ဖိအားကြောင့်ပူလာတဲ့...
ပစ္စတင်ထိပ်ရှိ ဆီလေတို့ဟာ အလွန်ပြင်းတဲ့ မီးဗို့အားကြောင့် မီးလောင်ပေါက်ကွဲပါတယ်...ဒီအချိန်မှာ အင်္ဂျင်စနိုး(Engine runing)ပါတယ်...
မီးလောင်ပေါက်ကွဲပြီး ပစ္စတင်ဟာ ဆလင်ဒါအောက်ဆုံးကို...
ရောက်သွားတာနဲ့ တတိယအချက်အလုပ်ပြီးဆုံးပါတယ်...
ဒီတတိယအချက်ကိုတော့(Power Stroke)လို့ခေါ်ပါတယ်....
စတုတ္ထအချက်အလုပ်လုပ်ပုံကတော့...
ပစ္စတင်ဟာ ဆလင်ဒါအောက်ဆုံးအထိရောက်သွားတာနဲ့တစ်ပြိုင်နက်...
အိတ်ဇောဘားစဖွင့်ပါတယ်...အထက်ကရှင်းပြခဲ့သလိုဘဲ...
အင်္ဂျင်လည်အားနဲ့ ဖလိုင်းဝှီး(Flywheel)အလေးချိန်တို့အပြင်...
အင်္ဂျင်ခန်းမီးလောင်ပေါက်ကွဲတဲ့ အရှိန်တို့ကြောင့်...
ကရိုင်းရှပ်(Crankshaft)မှာတပ်ဆင်ထားသော ကွန်နတင်း(Connecting Rod)
မှတွန်းပို့ပေးသောကြောင့် မီးလောင်လို့ကြွင်းကျန်နေသော...
ကာဗွန်အခိုးအငွေ့(Carbon dioxide+Carbon monoxide)များကို...
အိတ်ဇောဘားမှတစ်ဆင့် အိတ်ဇောမှအပြင်သို့ တွန်းပို့ပေးပါသည်...
ပစ္စတင်သည် ဆလင်ဒါအပေါ်ဆုံးသို့ရောက်လျှင်စတုတ္ထနှင့်နောက်ဆုံးအချက်...
အလုပ်ပြီးဆုံးကာ ပထမအချက်အတိုင်းပြန်လည် စတင်အလုပ်လည်ပတ်ပါသည်...
စတုတ္ထအချက်ကို(Exhaust Stroke)ဟုခေါ်ပါသည်...
ထိုသို့ပုံမှန်အလုပ်လုပ်နေရာမှ ဆီမသန့်၍ ဆီအရည်အသွေးမပြည့်ဝသောအခါ...
လောင်စာဆီများသည် အကုန်မီးမလောင်နိုင်ဘဲ မီးလောင်ခန်းထဲတွင်...
ကြွင်းကျန်ရစ်နေခဲ့ပါသည်...ထိုသို့ မီးမလောင်ဘဲ ကြွင်းကျန်ရစ်ခဲ့သော...
ဆီများသည် ပထမအချက်အလုပ်လုပ်သောဆီလေများနှင့်ပေါင်းမိပြီး...
ဒုတိယအချက်အလုပ်သောအခါ ဆီနှင့်လေရောနှောထားသည့်အပြင်...
လက်ကျန်ဆီကြွင်းများပေါင်းစပ်ထားကာ...
ပစ္စတင် ဖိနှိပ်အားကြောင့်လိုအပ်သည်ထက်ပို၍ ပူလာပါသည်...
ထိုအချိန်တွင် အင်္ဂျင်အပူရှိန်နှင့်ရောနှောပေါင်းစပ်ကာ...
ဒုတိယအချက်(Compression Stroke)၏လုပ်ငန်းအဆုံးဖြစ်သော...
ပစ္စတင်သည် ဆလင်ဒါ မီးလောင်ခန်းထိပ်သို့မရောက်ခင်...
ပေါက်ကွဲမီးလောင်ပါတော့သည်...
ပုံမှန်အချိန်တွင် မီးလောင်ခန်း...
ပေါက်ကွဲမီးလောင်ပါက ပစ္စတင်သည်အောက်သို့ဆင်းရမည်ဖြစ်သော်လည်း...
လည်ပတ်နေသော များပြားသည့် အင်္ဂျင်အပတ်ရေ၏တွန်းအား အရှိန်ကြောင့်...
မီးလောင်ခန်းထိပ်သို့ ဆက်တက်သွားပြီး...
ထိပ်သို့အရောက်တွင်...
တတိယအချက်(Power Stroke)၏ လုပ်ငန်းအစဖြစ်သော...
ပလပ်မှမီးပွင့်ချိန်တွင် ထပ်မံမီးလောင်ပေါက်ကွဲပါတယ်...
မီးလောင်ပေါက်ကွဲမှု့ ၂ ခုဟာတစ်ချိန်တည်းလိုလိုဖြစ်တာကြောင့်...
အလွန်ပြင်းထန်စွာပေါက်ကွဲ၍ ပစ္စတင်အားတွန်းကန်ပါတော့သည်...
ထိုအချိန်တွင်... ပစ္စတင်...ပစ္စတင်ရင်း(PistonRing)တို့နှင့်... ဆလင်ဒါတို့၏ရိုက်ခတ်သံများထွက်ပေါ်လာကာ မီးသံခေါက်သောအသံ...
ဖြစ်ပေါ်လာရခြင်းဖြစ်ပါသည်...
(၂)ပလပ်(Sparking Plug)သက်တမ်းကုန်ဆုံးခြင်း...
ပလပ်သက်တမ်းကုန်ဆုံးပါက မီးကွိုင်မှပေးသော မီးဗို့စ်အားကို...
ပလပ်မှ မီးလောင်ခန်းအတွင်းအပြည့်မပေးနိုင်သဖြင့် မီးအားနည်းကာ...
ဆီအကုန်မလောင်ကျွမ်းနိုင်တော့သဖြင့် အထက်မှာရှင်းပြသကဲ့သို့ပင်...
ဒုတိယအချက်(Compression Stroke)တွင် ပေါက်ကွဲမှု့ ၂ ခုဖြစ်ကာ...
မီးသံခေါက်ပါသည်...
ထိုင်းကဲ့သို့ ဆီသန့်ကာ ဆီအရည်အသွေးစံချိန်မှီသောနိုင်ငံတွင်ပင်...
ပလပ်သက်တမ်းကုန်သောကြောင့် မီးသံခေါက်သောကားများ...
မြောက်များစွာပြင်ရပါသည်...
ထိုသို့ ပလပ်သက်တမ်းကုန်သော ကားများမှာ ပလပ်ဆေးပြီး...
ပြန်ထည့်လျှင်လည်း တစ်လပင်မခံတတ်ပါ...
ထို့ကြောင့် ငွေ ၂ ခါကုန်...အချိန် ၂ ခါကုန်မဖြစ်စေရန်...
ပလပ်သက်တမ်းကုန်သောကားများအား ပလပ်အသစ်သာလဲလှယ်ရပါမည်...
ဒါမှသာ တစ်ခါတည်းဖြင့်ရေရှည်အသုံးခံမည်ဖြစ်ပါသည်...
ဒါပေမယ့်...
" အင် " ပေါ့ မောင်လေးရယ် ဆိုသော နောက်က...
ဝတ်စ ၂ လုံးပေါက်မပါသော " အင် " ပလပ်များနှင့်တော့...
မတိုးမိရန်...မထည့်မိစေရန် အထူးဂရုစိုက်ကာ...
ထိုင်းနှင့် ဂျပန်ထုတ်ထည့်မှသာ ရေရှည်ခံမည်ဖြစ်ပါ၏...
(၃)အရည်အသွေးမပြည့်သော စံချိန်မမှီသော ပလပ်များသုံးမိခြင်း...
အရည်အသွေး မမှီသော အထက်ဖော်ပြပါ " အင် " ပလပ်များ...
ထည့်သုံးမိပါကလည်း မီးလောင်ပေါက်ကွဲချိန်တွင် ဆီများ...
အကုန်မီး မလောင်နိုင်သဖြင့် မီးသံခေါက်ပါသည်...
" အင် " ပလပ်များထည့်ကာ လီဘာ(Accelerator Pedal)ကို...
အင်္ဂျင်အပတ်ရေ ၅၀၀၀ ကျော်အထိနင်းကာ လီဘာကိုဆတ်ကနဲလွတ်လိုက်လျှင်...
အင်္ဂျင်အပတ်ရေ ပြန်အကျတွင် အိတ်ဇောပိုက်မှ...
ဖုတ်...ဖုတ်...ဖုတ်...ဖုတ် မြည်၍ အဖုတ်ခံလိုက်ရပြီဖြစ်ကြောင်း...
ပြောပါလိမ့်မည်...ဒါကြောင့် အဖုတ်မခံရအောင် " အင် " ပလပ်များကို...
ရှောင်ရှားကြရန်လိုပါသည်...
(၄)လေစစ်အလွန်အမင်းပိတ်ခြင်း...
လေစစ်အလွန်အမင်းပိတ်သောအခါများတွင် ကားမောင်းနေချိန် ရုတ်တရက်...
လီဘာကို အမြန်နင်းချလိုက်ပါက မီးသံထွက်တတ်ပါသည်...
ထိုသို့ဖြစ်ရခြင်းမှာ လီဘာနင်းလိုက်သည်နှင့် အင်းတက်ရှိ...
လေအပိတ်အဖွင့်တံခါး(Throttle valve)ဖွင့်လိုက်သည်နှင့်...
Throttle Position Sensor နှင့် လီဘာဆင်ဆာတို့မှ...
နော်ဇယ်အားဆီဖွင့်ချိန် ပိုပေးလိုက်ပါသည်...
ဆီသာ မီးလောင်ခန်းသို့ ပိုရောက်သွားသော်လည်း...
လေစစ်ပိတ်နေသဖြင့် လိုအပ်သောအင်္ဂျင်အပတ်ရေကို...
ချက်ချင်းတက်မလာနိုင်သေးသော အချိန်လေးကြားထဲတွင်...
ဆီများကာ မီးအကုန်မလောင်နိုင်သဖြင့် မီးသံခေါက်တတ်ပါသည်...
ထို့ကြောင့် လေစစ်များကို သန့်ရှင်းရေးအချိန်မှန်လုပ်ရန်နှင့်...
လေစစ်အချိန်မှန်လဲရန်လိုအပ်ပါသည်...
မီးသံခေါက်က ပြု ပြင်ရန်လိုသောအချက်များမှာ...
ဆီမကောင်း၍ ဖြစ်သောကြောင့် ဆီကုန်ခါနီးတွင် ဆီတိုင်ကီဖြုတ်ဆေးပါ...
ဆီအဟောင်းအနည်းငယ်ကို ပြန်မသုံးတော့ဘဲ...
ဆီအသစ်သာ ထည့်သုံးပါ...
ဆီစစ် လေစစ် အသစ်လဲပါ...
Mass Air Flow Sensor လေစစ်ဆင်ဆာများဖြုတ်ဆေးပါ...
အထက်ပါအချက်များပြုပြင်ပြီးသောအခါမှ ပလပ်အသစ်လဲပါ...
" အင် " ပေါ့မောင်လေးရယ် ပလပ်များကိုရှောင်ရှားပါ...
ထိုကဲ့သို့ပြုပြင်ပြီး ထိုင်းနှင့် ဂျပန် ပလပ်အမှန်များကို ထည့်သုံးပါက...
ရေရှည်သုံးရမည် ဖြစ်ပါသည်...
အင် ထုကာ ဖုတ်သော သူများ၏ ဒဏ်များမှ...
ရှောင်ရှားကာ အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ...
ဝပ်ရှော့ဆရာ မဟုတ်သော...ကားနည်းပညာ ပေါက်ကရရေးသူများသည်...
ဤပို့စ်များ အချက်အလက်များ ကူးယူမှီငြမ်းကာ စာစောင်များတွင်ရေးပါက...
ဘယ်သူရေးသော ပို့စ်မှ မှီငြမ်းထားကြောင်း သိက္ခာရှိစွာဖြင့်...
ထည့်သွင်း ဖော်ပြပေးပါ...
Toetar Atoe (Online ကားဝပ်ရှော့)

No comments:

Post a Comment

Note: only a member of this blog may post a comment.