ထိုနေရာသည် သချီ င်္င်းမဟုတ်ပါ
မေမြို့မိုးကကောင်းလှပေသည်။ စနေမှာစွေသည်မက တနင်္ဂနွေပါစွေလို့ နေချေသည်။ ကိစ္စတစ်ခုနှင့်မြို့ ထဲသို့
လာသည့်ကျတော်ခေါင်းထဲမှာပေါ်လာသည့် အတွေးတစ်ချက်ကြောင့် ညဏ်ကွဲရပ်က ရွှေမြင်တင်ဘုရား
ဆီသို့ ကားကိုလှည့်လိုက်မိသည်။ပြင်ဦးလွင်ရောက်ပါက မဖြစ်ဖြစ်အောင်သွားမည်ဟု ဆုံးဖြတ်ထားသောနေရာ၊ ရွှေမြင်တင်ဘုရားရောက်တော့ လူတစ်ယောက်ကိုမေးလိုက်မိတယ် “ သူရမချစ်ပို အုတ်ဂူက ဘယ်ဘက်
လဲဗျ” ဒီလိုနဲ့ လမ်းသွယ်နှစ်ခုလောက်ထပ်မံချိုးကွေ့ပြီး လမ်းဆုံတစ်ခုအလယ်မှာ သံပန်းခြံစည်းရိုးလေးခတ်
ထားသောအုတ်ဂူငယ်တစ်ခုကိုကျတော်တွေ့လိုက်တယ်
ကားကိုရပ်ပြီး မိုးရွာထဲကျတော်ဆင်းတယ်။ တွေ့တွေ့ခြင်းမြင်ကွင်းက
အုတ်ဂူထက်ကစာသားတစ်ခု “ ရဲရေးရောက်သော်၊ ရွံ့ကြောက်မဲ့တွန့် ၊ နိုင်ငံ့ဝန်၌
ကုမ္ဘဏ်ယက္ခ နာဂခြင်္သေ့၊ ရင်ဆိုင်တွေ့လဲ၊ ခွာ၍မတွန့်၊
အသက်စွန့်လော့”ရှင်မဟာရဌသာရ၏
ဂမ္ဘီသာရပျို့မှကြက်သီးထဖွယ်ကောင်းသော
ကဗျာတစ်ပိုဒ်ဖြစ်ပေသည်။ ကျတော်လဲ မိုးရွာထဲမှာ အုတ်ဂူငယ်ကို
ဓါတ်ပုံအနည်းငယ် ပါတ်ရိုက်ပြီး မြန်မာနိုင်ငံ၏ တတိယအမြင့်ဆုံး
သူရသတ္တိဆိုင်ရာ ဘွဲ့ ကို ရရှိခဲ့သည့် တစ်ဦးတည်းသောအမျိုးသမီးသူရ ဘွဲ့ရှင် သူရမချစ်ပို အကြောင်း စာရေးချင်စိတ်ကလေး ဖြစ်ပေါ်လာခဲ့ပေတော့သည်။
မချစ်ပိုသည် ထားဝယ်မြို့ သူတစ်ယောက်ဖြစ်ပေသည်။ သူ့အသက်(၂၀)အရွယ် ၁၉၄၇ ခုနှစ်တွင် BEတပ်ထဲဝင်သွားသောမောင်ဖြစ်သူအားရှာဖွေရန်ထားဝယ်မှပြင်ဦးလွင်သို့တစ်ဦးတည်းထွက်ခွါလာခဲ့ပြီးပြင်ဦးလွင်မြို့ တွင် BE တပ်မှ တပ်ကြပ် မောင်လှနှင့် အကြောင်းပါခဲ့ပြီး တပ်မတော်၏မိသားစုဝင်တစ်ယောက်ဖြစ်လာခဲ့သည်။၁၉၄၉ ခုနှစ် ဖေဖေါ်ဝါရီလ ၂၁ ရက်နေ့ တွင်KNDOတပ်ဖွဲ့များသည် မေမြို့(ယခုပြင်ဦးလွင်မြို့)အားအလစ်အငိုက်စီးနင်းသိမ်းပိုက်လိုက်လေသည်။
ထိုအချိန်ကမေမြို့တွင် ဗိုလ်မှူးထင်ပေါ်နှင့် ဗိုလ်ကြီး ဘဖြူ ဦးစီးသော BE
တပ်မှတပ်ခွဲများသည် ရရာလက်နက်ခဲယမ်းများသိမ်းဆည်းကာ လားရှိုးဘက်သို့ ဆုတ်ခွာသွားခဲ့ကြသည်။ ထိုသို့ ဆုတ်ခွာသွားသော တပ်များသည် လားရှိုးတွင်ပြန်လည်စုဖွဲ့ကာ မေမြို့ သို့ ပြန်လည် ချီတက်ခဲ့ကြလေသည်။
မေမြို့ ရေချမ်းအိုးရွာဘက်တွင် တိမ်းရှောင်နေကြသော BE တပ်မှ
အရာရှိစစ်သည်များနှင့် ကျန်တပ်ပေါင်းစုံမှ တပ်ဖွဲ့ဝင်များလည်း BE တပ်တွင်
လာရောက်ပူးပေါင်းခဲ့ကြလေသည်။
ထို့နောက်.... တပ်ပေါင်းစု အင်အားဖြင့် ဖေဖေါ်ဝါရီလ၂၄ ရက်နေ့တွင်
ပြန်လည်တိုက်ခိုက်ခဲ့ရာ ပြင်ဦးလွင်မြို့ ကို ပြန်လည်ရရှိခဲ့လေသည်။
အင်ဂျင်နီယာတပ်မှ ဦးဆောင်ကာ မေမြို့ကို ပြန်လည်တိုက်ခိုက်ခဲ့သောထို ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့အား BE တပ်ဖွဲ့ခေါ်အင်ဂျင်နီယာတပ်ဖွဲ့နေ့ အဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ခဲ့လေသည်။ ထိုသို့... ဖေဖေါ်ဝါရီလ ၂၄ ရက်တွင် စခန်းများရရှိပြီးဖြစ်သော်လည်း မြို့တွင်းတိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးတစ်ဘက်နှင့်တစ်ဘက် ခြေကုတ်စခန်းများကိုအားပြုကာအဖွဲ့ငယ်များစေလွှတ်၍အပြန်အလှန်သတင်းထောက်လှမ်းတိုက်ခိုက်နေကြသည်။မြို့ပေါ်တွင်လည်းလေ့ကျင့်မှု မရှိသော အရပ်သားများသည်ပင် ရရာလက်နက်စွဲကိုင်ပြီး တပ်နှင့် ပူးပေါင်း တိုက်ပွဲဝင်ခဲ့ကြသည်။သတင်းထောက်လှမ်းမှုအရေးကြီးချိန်တွင်ရန်သူသည် ယောက်ကျားမှန်သမျှ
တွေ့ သည်နှင့်ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်ရာအမျိုးသမီးများသာ နွားကျောင်းခြင်း ဈေးရောင်းခြင်းများပြုလုပ်နိုင်ကြသည်။
ထိုအချိန်တွင် အမျိုးသမီးများထဲမှ မိမိသဘော အလျောက်
ရန်သူ့သတင်းထောက်လှမ်းရန် တစ်ဦးထွက်လာလေသည် ထိုသူကား မချစ်ပို
ပင်ဖြစ်ပေသည်။ မချစ်ပို၏ ယောက်ျားဖြစ်သူတပ်ကြပ်လှမောင်အပါအ၀င်အင်ဂျင်နီယာတပ်ဖွဲ့များသည် လေ့ကျင့်ရေးတပ်ကုန်းတွင်ရင်ဆိုင်ထားစဉ် တစ်ဘက်နှင့်တစ်ဘက် အဖွဲ့ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်ကြရာမှ တပ်ကြပ် လှမောင်အားသေနတ်မှန်ကာဒဏ်ရာရရှိခဲ့လေသည်။မချစ်ပိုသည် ဓါးတိုတစ်လက်နှင့်လက်ပစ်ဗုံးတို့ယူဆောင်ပြီးခမောက်ဆောင်းကာ၊တုတ်တစ်ချောင်း၊လွယ်အိတ်တစ်လုံးတို့ဖြင့် နွားကျောင်းသမ ပုံသဏ္ဍာန်ဖြင့် DKDO တပ်များ တပ်စွဲထားသော မေမြို့ လေ့ကျင့်ရေး တပ်ကုန်း၊ဆေးတပ်ကုန်းများဘက်သို့ နည်းမျိုးစုံဖြင့် ၀င်ရောက်ကာရန်သူ၏လက်နက်ကြီးများထားရှိရာနေရာ၊ကွပ်ကဲရေးရုံးတည်နေရာနှင့်
အခြား ထောက်လှမ်းရေး လုပ်ငန်းများကို လုပ်ဆောင်ခဲ့လေသည်။ ရန်သူသည်
နွားတစ်အုပ်နှင့် မချစ်ပိုအား နွားကျောင်းနေသည်ဟုသာ ထင်နေခဲ့လေသည်။
မချစ်ပိုသည် နွားကျောင်းရင်းဖြင့် ရန်သူလက်နက်ကြီး ပစ်ကူနေရာများ၊
စက်သေနတ်ကြီးများချထားသည့်နေရာများအား တပ်ဖွဲ့ထံသတင်းပြန်လည်ပို့ပေးနိုင်ခဲ့လေသည်။ တစ်ခါတစ်ရံ ရန်သူအဖွဲ့ငယ်သုံးလေးဦးခန့်ဖြင့်ဆုံတွေ့စဉ်အခွင့်သာပါက လက်ပစ်ဗုံးဖြင့် တိုက်ခိုက်လာခဲ့ရာ ရန်သူတပ်ဖွဲ့များ အတော်ပင်အထိနာခဲ့လေသည်။စစ်ဆင်ရေးတွင် ကျင်လည်လာသော မချစ်ပိုသည်လက်ရှိလုပ်ဆောင်ချက်အားအားမလိုအားမရဖြစ်ကာထမီအစားဘောင်းဘီဝတ်လို
ကြောင်း နေရာတိုင်း သုံးမရသော လက်ပစ်ဗုံးအစား သေနတ်တတ်ဆင်ပေးရန်နှင့် နေ့ခင်းဘက်
တွင် ထောက်လှမ်းရရှိခဲ့သော နေရာများအား ညဘက်တွင် တပ်ဖွဲ့နှင့် အတူ လိုက်ပါတိုက်ခိုက်လိုကြောင်း တင်ပြခဲ့လေသည်။ မချစ်ပို၏ တင်ပြချက်အား ဗိုလ်ကြီးဘဖြူမှ သဘောတူကာ ရိုင်ဖယ်ဖြင့်အဆင်မပြေနိုင်သဖြင့်မချစ်ပိုအားခြောက်လုံးပြူးထုတ်ပေးလိုက်သည်။ မချစ်ပိုသည် နေ့ခင်းဘက်တွင် သတင်းထောက်လှမ်း၍ ညဘက်တွင်ညတိုက်ပွဲများ ဆက်
လက် ဆင်နွှဲကြလေသည်။ တစ်ချိန်တွင် မချစ်ပိုသည် ရန်သူကို ရှေ့ တက်လုံးထွေးတိုက်ခိုက်ရင်းမှ ဗိုက်ကိုသေနတ်မှန်ခဲ့လေသည်။ သို့ သော် မာန်တင်းလျှက် ဒဏ်ရာကို အ၀တ်နှင့်စည်းပြီး ဆက်လက်တိုက်ခိုက်ခဲ့သည်။ ရရှိသည့်ဒဏ်ရာကိုတိုက်ပွဲအောင်မှ
ပြန်လည်ကုသခဲ့သည်။ ထိုအချိန်က ခေတ်အခြေအနေအရ လျှပ်စစ်မီးနှင့်
အောက်လင်းမီး မရှိခြင်းကြောင့်မချစ်ပို၏ ဒဏ်ရာကိုဖယောင်းတိုင်မီးဖြင့်ပင်
ခွဲစိတ်ကုသပေးခဲ့ကြောင်း ဒဏ်ရာအား ၁၅ ချက်ခန့် ချုပ်ခဲ့ရသည်။ မချစ်ပို
ဆေးကုသနေစဉ်ကာလတွင် မေမြို့ မှ BE တပ်များအား မန္တလေးရှိ
မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဆင့်ခေါ်ခြင်းခံရသဖြင့် ဆုတ်ခွာသွားကြသောကြောင့် တပ်ဖွဲ့ဝင်များ၏ ဇနီးနှင့် သားသမီးများကို ကြည့်ရှုစောင့်ရှောက်ထားနိုင်ခြင်း မရှိတော့သဖြင့် မိသားစုဝင်များမှာ ဟိုသည် ပုန်းအောင်း၍ နေခဲ့ကြရရှာသည်။ ထိုအချိန်တွင် KNDO ခေါင်းဆောင်စောဘစံသည်သတင်းရရှိပြီးမချစ်ပိုပုန်းအောင်းနေသောနေရာသို့ရောက်ရှိခဲ့ကာ မချစ်ပိုအားဖမ်းဆီးခဲ့လေသည်။ မချစ်ပိုသည် ထွက်ပြေးတိမ်းရှောင်းခြင်းမရှိပဲ ဓါးမြှောင်တိုတစ်ချောင်းကို ၀ှက်ကာယူသွားခဲ့သည်။ မချစ်ပိုသည် အံသွားအပို (အံပွား)ပါသူတစ်ဦးဖြစ်သည်။ ထိုအချိန်က မချစ်ပိုတွင် အံပွါးရှိခြင်းကြောင့် ဓား၊ သေနတ်ပြီးကာ သူမကိုယ်တိုင်သာမကနောက်ကလိုက်ပါကြသူများသည်လည်းကျည်ဆန်ထိမှန်ခြင်းမရှိဟုယုံကြည်နေကြသည်။
မချစ်ပို ကို ဖမ်းမိသည်နှင့်သူမ၏ အံသွားများကို ဓားဖြင့်ကလန့်ထုတ်ကြလေသည်။
“ နင်တို့ငါ့ အံသွားပဲနှုတ်လို့ရမယ် တပ်မတော်အပေါ်ထားတဲ့ ငါ့သစ္စာတော့
ဘယ်တော့မှနှုတ်လို့မရဘူး “ ဟုပြောပြီး မချစ်ပိုသည် ၀ှက်ယူလာသော
ဓါးတိုဖြင့်ကလန့် နေသူနှစ်ဦးအားထိုးသတ်ရာ နှစ်ဦးစလုံးနေရာတွင်ပင်
ပွဲချင်းပြီးသေလေသည်။ မချစ်ပို၏ လုပ်ဆောင်ချက်ကြောင့် စောဘစံသည်
မခံရပ်နိုင်ဖြစ်ကား သေနတ်ဆွဲ၍ မချစ်ပိုအားတရစပ်ပစ်ခတ်လေရာမချစ်ပိုမှာလဲကျသွားလေတော့သည်။မချစ်ပိုသည်ဒဏ်ရာပြင်း
ထန်စွာရနေသော်လည်းအတန်ကြာသည်အထိသေဆုံးခြင်း မရှိသဖြင့်အသက်ပြင်းသည်ဟုပြောစမှတ်ပြုကြလေသည်။ ထို့နောက်စောဘစံသည်မချစ်ပို၏အလောင်းအားရေတွင်းထဲသို့ ပစ်ချလိုက်လေသည်။ အပေါ်မှ အုတ်ခဲကျိုးများ၊ပန်းအိုးကွဲများပစ်ချထားလိုက်လေသည်။ဤသို့ဖြင့်
အမျိုးသမီး သူရဲကောင်း မချစ်ပိုသည် ( ၈-၄-၄၉ ) ရက်နေ့၊ အသက် (၄၂) နှစ်
အရွယ်တွင် နိုင်ငံတော်နှင့် တပ်မတော်အတွက် သူမအသက်ကိုပေးအပ်ခဲ့လေတော့သည်။
၁၆ ၄-၄၉ရက်နေ့တွင် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ မန္တလေး - မေမြို့ကားလမ်းအားစစ်ဆေးရန်ရာက်ရှိလာသော ဗိုလ်မှူးကြင်နှင့်စစ်သည်များသည်
မချစ်ပို ကျဆုံးခဲ့သော ရေတွင်းအတွင်းမှ သူမအလောင်းကို ဆယ်ယူကာ
စစ်အခမ်းနားဖြင့် ကောင်းမွန်စွာ သဂြိုလ်ခဲ့ပြီး သူမကျဆုံးခဲ့ရာ
ရေတွင်းအားငုံ၍ အုတ်ဂူပြုလုပ်ခဲ့ကြသည်။ နိုင်ငံတော်အတွက်...... အသက်ကို
ပဓာန မထားပဲ......သူရသတ္တိ ပြောင်မြောက်စွာဖြင့် နောက်ဆုံးအချိန်အထိ ရဲ့ဝံ့
စွန့်စားစွာ တိုက်ပွဲဝင်ခဲ့သော ``မချစ်ပို´´အား ၁၉၅၀ပြည့်နှစ်၊
လွတ်လပ်ရေးနေ့တွင် နိုင်ငံတော် အစိုးရမှ`` သူရ ´´ဘွဲ့တံဆိပ်အား
ချီးမြှင့်ပေးအပ်ခဲ့လေသည်။ ထိုသူရဘွဲ့ တံဆိပ်သည်
မြန်မာ့နိုင်ငံအမျိုးသမီးအားလုံးတွင် တစ်ဦးတည်းသော ပေးအပ်ခဲ့သည့် ဘွဲ့တံဆိပ်ဖြင့်ယနေ့ ထက်တိုင် မှတ်တမ်းဝင်ခဲ့လေသည်။
မချစ်ပို၏ အုတ်ဂူဖြူဖြူလေးသည် ပြင်ဦးလွင်မြို့ ထုံးဘို ရပ်တွင်
ယနေ့ ထက်တိုင်တည်ရှိနေပါသည်။ မသိနားမလည်ကြသူ အချို့က အုတ်ဂူသင်္ချိုင်း မှာ မြို့ထဲရောက်နေသဖြင့်ရွှေ့ပစ်သင့်သည်ဟုထင်မြင်ယူဆနေကြပါသည်။
`` သူရ မချစ်ပို ´´ ၏ အုတ်ဂူသည် သင်းင်္ချိုင်း မဟုတ်ပါ။ မေမြို့
(ပြင်ဦးလွင်) ကို ချစ်သော၊ မေမြို့ တိုက်ပွဲတွင် မြန်မာအမျိုးသမီးများ၏
စိတ်ဓါတ်ကို ပြဆိုနေသော.... ဂုဏ်ရောင်ကို ထွန်းလင်းစေသော စံအိမ်လေးတစ်ခုသာ
ဖြစ်ပေလိမ့်မည်။ အမိမြေရဲ့ သူရဲကောင်းတွေသမိုင်းမှာ မချစ်ပိုဟာ အသံမဲ့စွာ
ပါဝင်နေပေလိမ့်အုံးမည်။ သူမရရှိခဲ့သော သူရဘွဲ့ သည်
တပ်မတော်သမိုင်းတစ်လျှောက်လုံး တိုက်ပွဲဝင်ခဲ့ကြသော တပ်မတော်သား များစွာ၏ နောက်က မိသားစုတွေ၏ ဘ၀ပေါင်းများစွာကို ကိုယ်စားပြုနေပေလိမ့်အုံးမည်……………။
သူရဲကောင်းတို့ ၏၀ိညဉ်သည် ကောင်းကင်ယံတွင် ထာဝရ တည်တံနိုင်ကြပါစေ ။
ထူးဝေ
No comments:
Post a Comment
Note: only a member of this blog may post a comment.